တိုက်ပွဲသတင်း

အာဏာသိမ်းစစ်တပ်က အလော့ဘွမ်သို့ ပြန်လည်ချီတက်လာ၊ ထိခိုက်ကျဆုံးမှုများ

အလောဘွမ့် (Alaw Bum) တောင်ဘက်သို့ စစ်ကူအဖြစ် ချီတက်လာသည့် အာဏာသိမ်းစစ်တပ်၏ အင်အား ၂၀၀ ခန့်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်လိုက်သောကြောင့် ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၀ ရက်နေ့ ယနေ့ နံနက် ၄နာရီခွဲအချိန်က အဆိုပါ အာဏာသိမ်းစစ်တပ် အင်အား ၂၀၀ခန့်သည် လမ်းတွင် ၅ကြိမ်ထက်မနည်း မိုင်းခွဲခံလိုက်ရသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးထံမှ သိရသည်။

“စစ်သားတွေက အလောဘွမ့်တောင် လမ်းမကြီးတည့်တက်လာကြတာဟုတ်တယ်။ အဲ့ဒါကို KIA ထောင်ထားတဲ့ မိုင်းနင်းမိတယ်တဲ့။ အဲ့မှာဘဲ နာရီဝက်အကြာအပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတယ်။ စစ်တပ်ဘက်က အထိနာများသွားလို့ ရှေ့တိုးနောက်ဆုတ်ဖို့ ခက်နေတယ်လို့ကြားတယ်။” ဟု ပြောဆိုသည်။

အလော့ဘွမ်တောင်ဘက်ကို စစ်အင်အား ၂၀၀ ခန့်ဖြင့် ချီတက်သွားသည်မှာ ၃ရက်ခန့်ရှိသွားပြီး  လမ်းတစ်လျှောက် ရှန်းထုန်းဘွမ့် (Shang Htung Bum) တွင် ပိတ်မိနေသည့် စစ်သားများကို စစ်အင်အားထပ်ဖြည့်ရန် စားနပ်ရိက္ခာနှင့်တကွ တက်သွားသည့်အဖွဲ့ဖြစ်သည်ဟု သိရသည်။

အဆိုပါနေရာတွင် KIA က ရိက္ခာဖြတ် ပိတ်ဆို့ထားသော အာဏာသိမ်းစစ်သားတချို့လည်း ရှိနေသေးကြောင်း သိရသည်။

ယခုတိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ အတည်ပြုချက်ကို မရရှိသေးပါ။

ဗန်းမော်-လိုင်ဇာ ကားလမ်းမရှေ့ဘက် မြို့သစ်ကျေးရွာအနီး တာဝါတိုင်စခန်းကို စစ်ဗျူဟာအရ KIA က မေလ ၇ ရက်နေ့တွင် ဆုတ်ခွာပေးလိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က အလော့ဘွမ်ဘက်ကို မြေပြင် စစ်အင်အားဖြင့် ပြန်လည်ချီတက်လာခြင်းဖြစ်သည်ဟု သိရသည်။

Show More

Related Articles

Back to top button