သတင်း

မြစ်ကြီးနား KBZ ဘဏ် (၁)ရှေ့ပေါက်ကွဲမှုကို ဗီဒီယိုရိုက်ကူးသူ ဖမ်းဆီးခံရ

မြစ်ကြီးနား မြို့လယ် ကမ္ဘောဇဘဏ် (၁) ရှေ့  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်အပြီး မှတ်တမ်းဗီဒီယိုရိုက်ကူးမှုနှင့် ဆက်စပ်သော လူငယ် ၂ဦးကို အကြမ်းဖက်စစ်ကောင်ဆီက ဖမ်းဆီးထားကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုသည် မေလ ၁၄ ရက် ယမန်နေ့ နံနက် ၆ နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နံနက် ၈နာရီခွဲအချိန်တွင် အဆိုပါလူငယ် ၂ ဦးကို ဖမ်းဆီးခံလိုက်ရသည်။

“သူတို့ ၂ယောက်က ဘဏ်ရှေ့က တိုက်ခန်းမှာ ဌားနေတာဟုတ်တယ်။ အဲ့မှာ ရှေ့မှာတင် ပေါက်ကွဲမှုဖြစ်ခဲ့တယ်။ တစ်ယောက်က ဗီဒီယိုရိုက်ပြီးသူ့ရဲ့ Facebook အကောင့်မှာတင်လိုက်တာမှန်တယ်။ အခုသူတို့ ၂ယောက်ကို ဗုံးပေါက်ကွဲမှုမှာ ကြံရာပါဆိုပြီး စွပ်စွဲနေတယ်။ ဗုံးပေါက်ကွဲတာက သူတို့နဲ့ လုံးဝမဆိုင်ဘူး” ဟု ပြောဆိုသည်။

သူတို့ ၂ ဦးမှာ သာမန်လူငယ်များသာဖြစ်ပြီး စစ်ကောင်စီဘက်ကစွပ်စွဲသည့်အတိုင်း ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် ပါဝင်မှုမရှိကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထွန်းထွန်းနိုင်ကို ကမ္ဘောဇဘဏ်(၁)ရှေ့ တိုက်ခန်းတွင်ဖမ်းဆီးခဲ့ပြီး၊ ဆွတ်ရိန်နောနော်ကို စီတာပူရပ်ကွက်ရှိ ခေါက်ဆွဲဆိုင်တစ်ခုတွင် လိုက်လံ ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် လူငယ် ၂ဦးကို မြစ်ကြီးနားအမှတ် (၁)ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိသားစုနှင့်တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

ဆွတ်ရိန်နောနော်၏ FB လူမှုကွန်ရက်ပေါ်တွင် တင်ထားသော ဗုံးပေါက်ကွဲမှုဖြစ်စဉ်အပြီး ရိုက်ထားသော ဗီဒီယိုကို မီဒီယာများတွင်လည်း ပြန်လည်ဖော်ပြထားသည်ကို တွေ့ရသည်။

ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အာဏာသိမ်းစစ်အုပ်စု၏ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button