တိုက်ပွဲသတင်း

မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီး တိုက်ပွဲပြင်းထန်၊ စစ်တပ်ဘက်က လေယာဉ် ၅ စီးဖြင့် သွားရောက်ပစ်ခတ်

ဗန်းမော်ခရိုင် မံစီမြို့နယ် မဒန်ယန်ကျေးရွာအနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေတပ်စခန်းတစ်ခုကို အာဏာသိမ်းစစ်တပ်က ယမန်နေ့ညက လေယာဉ် ၅စီးဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု မံစီဒေသခံများ ပြောဆိုချက်မှ သိရသည်။

မေလ ၁၅ ရက် ညသန်ခေါင် ၁၂ နာရီခန့် KIA တပ်ရင်း ၂၇ မဒန်ယန်ကျေးရွာတပ်စခန်းကို အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်  ၂ ဖက်စလုံးနာရီဝက်ခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသူ မံစီဒေသခံတစ်ဦးက ယခုလို ပြောဆိုသည်။

“ည ၁၂ နာရီ လောက်မှာ ဟုတ်တယ်။ စစ်တပ်ဘက်က လေယာဉ် ၅နဲ့ လာပစ်သွားတယ်။ လေယာဉ်က ဗုံးကြဲတာလည်း မျက်စိနဲ့တမ်းမြင်ခဲ့ရတယ်။ အဲ့မှာ KIA ဘက်ကလည်း လက်နက်ကြီးတွေနဲ့ပြန်ပစ်တယ်ထင်တယ်။ နာရီဝက်လောက်တိုက်ပွဲပြန်ဖြစ်ကြတယ်။” ဟု ပြောဆိုသည်။

မဒန်ယန်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၁၁ ရက်ခန့်က စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်ဘက်ကလည်း စစ်အင်အား ၂၀၀ ခန့် ပြန်လည်အားဖြင့်လာသောကြောင့် ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

ယမန်နေ့ည ဂျက်လေယာဉ် ၅ စီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီးနောက် ယနေ့ နံနက် ၈ နာရီခန့်မှစတင်ပြီး လက်နက်ကြီးများဖြင့်လည်း ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။

အာဏာသိမ်းစစ်တပ်သည် မိုးမောက်မြို့နယ် KIA တပ်မဟာ ၅ အလော့ဘွမ်ကို ပြန်လည်တိုက်ခိုက်ရန် စစ်အင်အားအလုံးအရင်း သွားရောက်ပို့ဆောင်ထားပြီးနောက် မေလ ၁၁ ရက်နေ့တွင် KIA က မံစီမြို့နယ်က အာဏာသိမ်းစစ်တပ်၏ စခန်းများကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button