လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ခရီးမှပြန်လာသော မချမ်းဘော့ လူငယ် ၂ ဦး မသင်္ကာမှုဖြင့် ဖမ်းဆီးခံရ

ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် နမ့်ဘူယန်ကျေးရွာသို့ပြန်လာသော ဒေသခံ လူငယ် ၂ဦးကို မူလာရှီးဒီး စစ်ဆေးရေးဂိတ်တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် စိတ်ပူနေကြောင်း မိသားစုဝင်တစ်ဦးထံမှ သိရသည်။

မေလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ဆွမ်ပရာဘွမ့်မြို့နယ်ရွှေမှော်တစ်ခုမှပြန်လာသော လူငယ် ၂ ဦးကို မူလာရှီဒီး စစ်တပ်ဂိတ်တွင် စစ်ဆေးခဲ့ရာ တစ်ဦးတွင် မှတ်ပုံတင်မပါရှိသည့်အတွက် မသင်္ကာမှုဖြင့် လူငယ် ၂ ဦးစလုံးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

“သူတို့ ၂ယောက်က ရွှေမှော် ပြန်လာကြတာဟုတ်တယ်။ မူလာရှီဒီးဂိတ်မှာ ရောက်တဲ့အခါဖုန်းဆက်လာတယ်။ မှတ်ပုံတင်မပါလို့ ဂိတ်မှာမဖြတ်ခိုင်းဘူးလို့ ပြောတယ်။ အဲ့လိုပြောတော့ ကျနော်တစ်ခါးတည်းလိုက်သွားတယ်။ ကျနော်ရောက်တော့ မရှိတော့ဘူးတော့ ပူတာအိုမြို့ (၄၆) စစ်တပ်ဗျူဟာကုန်းခေါ်သွားပြီလို့ ပြောခဲ့တယ်။ နောက် အဲ့ဒီကို ပြန်လိုက်သွားတယ်။ စစ်တပ်ဂိတ်ထဲ ပြန်ရောက်တော့ ဖမ်းသွားတဲ့အကြောင်းရှင်းပြတယ်။ ရှင်းပြရင်လည်း စစ်တပ်ဂိတ်က စစ်သားတွေက ခေါ်သွားတယ်လို့တော့ကြားတယ်။ ဒါပေမယ့် ဒီမှာမဟုတ်ဘူးဆိုပြီး လိမ်ပြောလိုက်တယ်။ စခန်းထဲကိုလည်း ဝင်ခွင့်မပေးဘူး။ အဲ့ကြောင့် သူတို့ ၂ယောက်ကို ဘယ်မှာ ဖမ်းဆီးထားတယ်လို့လည်းမသိရတော့ အရမ်းစိတ်ပူနေတယ်” ဟု မိသားစုဝင်တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

လူငယ် ၂ဦးမှာ မည်သည့်အဖွဲ့အစည်းနှင့်မျှ ဆက်သွယ်ပတ်သက်ခြင်းမရှိသည့်အပြင် ရွှေမှော်မှ မိမိနေရပ်သို့ ပြန်လာခြင်းသာဖြစ်သောကြောင့် အမြန်လွတ်မြောက်ပေးရန် ဆက်လက်တောင်းဆိုထားခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော လူငယ် ၂ဦးမှာ အသက် ၂၉ နှစ်အရွယ် လတွမ်တန်ဆိုင်း နှင့် အသက် ၂၇နှစ်အရွယ် အလိုင်းဂွန်းဇီတို့ဖြစ်ကြပြီး လက်ရှိ ၎င်းလူငယ် ၂ဦးကို ပူတာအိုမြို့  (၄၆) တပ်ရင်း စစ်တပ်ဗျူဟာကုန်းတွင်သာ ထိန်းသိမ်းထားခြင်းဖြစ်နိုင်ကြောင်း မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ပူတာအိုခရိုင်တွင် လူငယ်များကို အာဏာသိမ်းစစ်တပ်က မသင်္ကာမှုဖြင့် မတရားဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button