မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဆွမ်ပီယန်ကျေးရွာတွင် တရားမဝင် ရွှေတူးဖော်နေသည့်ကုမ္ပဏီကို ဒေသခံများ သွားရောက်ကန့်ကွက်

ပူတာအိုမြို့နယ် ဆွမ်ပီယာန်ကျေးရွာတွင် ဒေသခံများ၏ စိုက်ပျိုးမြေအဖြစ်သတ်မှတ်ထားသည့် နေရာတွင် လုပ်ငန်းရှင်တချို့က စက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင်နေသဖြင့် မေလ ၁၇ ရက်နေ့တွင် ဒေသခံများက သွားရောက်ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။

ဒေသခံ အယောက် ၁၀၀ ခန့်က သွားရောက် ဆန့်ကျင်ခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ယခုလိုပြောသည်။

“ကျနော်တို့ကိုယ်တိုင် လက်ရှိ တောင်ယာအခင်းလုပ်ကိုင်စားသောက်နေတဲ့ မြေနေရာတွေဖြစ်တယ်။ ဒီနေရာမှာ ဒေသခံ ပြည်သူတွေနဲ့ ညိနှိုင်းတိုင်ပင်ပြီး ခွင့်ပြုချက်တစ်စုံတစ်ရာမှမတောင်းဘူး။ စက်ယန္တရားကြီးတွေနဲ့ တူးဖော်နေတယ်။ ဒေသခံတွေမသိတဲ့ ဘယ်ကိစ္စမဆို တရားမဝင်ဘဲ။ ဒါကြောင့် ဒါကိုရအောင်တားမြစ်ဖို့ သွားရောက်ကန့်ကွက်ခဲ့ကြတယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလတွင်လည်း တရားမဝင်ရွှေတူးဖော်နေသည့် သခင်စစ်ကုမ္ပဏီကို သွားရောက်ဆန့်ကျင်ခဲ့ဖူးကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

သို့သော် သခင်စစ်ကုမ္ပဏီက လိုက်နာမှုမရှိဘဲ ရွှေဆက်လက်တူးဖော်မှုများပြုလုပ်နေသောကြောင့် ယခုထပ်မံ လူအင်အားအများအပြားဖြင့် သွားရောက်ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိ စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်နေသည့်နေရာမှာ ဆွမ်ပီယာန်ကျေးရွာမှ ၅မိုင်ခန့်သွားရသော လုန်ဂါဘော် (Lung Ga Baw) တွင်ဖြစ်ပြီး ထိုနေရာတွင် ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်နေသည့် တောင်ယာအခင်းများနှင့် ဘိုးဘွားပိုင်အမွေအနှစ် များလည်းရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button