လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နောင်မွန်မြို့နယ်တွင် PSI စလောင်းအသုံးပြုပါက အရေးယူခံရမည်ဟု ပြည်သူ့စစ်နှင့် အုပ်ချုပ်ရေးအဖွဲ့များ ခြိမ်းခြောက်

ဆက်သွယ်ရေးခက်ခဲသော ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် လက်ရှိသတင်းရယူနေသော PSI စလောင်းများကို အသုံးမပြုကြရန် အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်ကာ ဖြုတ်ခိုင်းနေသည်ဟု ဒေသခံများ ပြောဆိုချက်မှ သိရသည်။

ယခုအပတ်မှစ၍ ဌာနေပြည်သူ့စစ် နှင့် အုပ်ချုပ်ရေးအဖွဲ့တို့ပူပေါင်းပြီး နောင်မွန်မြို့နယ်တွင် တရားမဝင် PSI စလောင်းများကို အမြန်ဖြုတ်သိမ်းကြရန်နှင့် လိုက်နာမှုမရှိပါက ထောင်ဒဏ် ၃နှစ်နှင့် ငွေ ဒဏ် ၁ သိန်း ချမှတ်အရေးယူခံရမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း အမည်မဖော်လိုသူ နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“နောင်မွန်မှာက ဒီကနေ့ကစပြီး စစ်ကောင်စီအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး ကျေးရွာက တရားမဝင် PSI စလောင်းများအသုံးမပြုဖို့ လိုက်အော်နေပြီ။ ကျန်တဲ့ရွာတွေမှာလည်း တစ်ရွာဝင်တစ်ရွာထွက်လိုက်ပြောနေပြီ။ ကျနော်သိရသလောက်တောင် ရွာ ၁၀ခုလောက်ရှိနေပြီ။ ဒီဘက်မှာက ဆက်သွယ်ရေးခက်ခဲတော့ ကျန်တဲ့ဒေသမှာတော့ မသိရဘူး”ဟု ပြောဆိုသည်။

နောင်မွန်မြို့နယ်တွင် မြို့ပေါ်နေရာတွင်သာ MPT (2G) ဖုန်းလိုင်းသာရရှိနေတာဖြစ်ပြီး ကျန်ဒေသများတွင်မူ မည်သည့်ဆက်သွယ်ရေးလိုင်မျှ မရရှိသောကြောင့် နေ့စဉ်ဖြစ်ပျက်နေသော သတင်းအချက်အလက်များသိရှိနိုင်ရန် PSI စလာင်းကိုသာ အသုံးပြုနေရခြင်းဖြစ်သည်။

“ကျနော်တို့ ဒေသဘက်မှာ PSI စလောင်းမသုံးတာက မရှိသလောက်ဘဲ။ အိမ်တိုင်းလိုလို တပ်ထားကြတယ်။ ဘာကြောင့်လဲဆိုတော့ အင်တာနက်လိုင်းလည်းမရှိဘူး။ ဖုန်းလိုင်းတွေလည်း နောင်မွန်မြို့တွင်းတဝိုက်ဘဲရတယ်။ ဒါတောင် လိုင်းမကောင်းဘူး။ အခု PSI စလောင်းပြန်ဖြုတ်ခိုင်းနေတော့ ကျနော်တို့ ပြည်သူတွေက အမှောင်မှာ နေရသလိုပါဘဲ” ဟု နောင်မွန်ဒေသခံတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ပြီးခဲ့သော မတ်လကတည်းက PSI စလောင်း အသုံးမပြုကြရန်နှင့် အသုံးပြုပါက အရေးယူမည်ဟု အာဏာသိမ်းစစ်ကောင်စီက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

Related Articles

Back to top button