တိုက်ပွဲသတင်း

ခန္တီးမြို့နယ် အာဏာသိမ်းစစ်ကောင်စီအောက် ရဲစခန်းနှင့် တပ်စခန်း ၄ ခုကို KIA က တိုက်ခိုက်ဖျက်ဆီး

စစ်ကိုင်းတိုင်း ခန္တီး နမ့်စီဘွမ့် (Nam tsit Bum) ကျောက်စိမ်းမှော်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲကင်း တပ်စခန်း စုစုပေါင်း ၄ နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက သွားရောက်တိုက်ခိုက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မေလ ၂၂ ရက် ယနေ့ နံနက် ၄နာရီတွင် မကျန်ခ ကျေးရွာ ရဲကင်းတပ်စခန်းတစ်ခု၊ နမ့်စီဘွမ်ကျေးရွာ ကျောက်စိမ်းမှော်ရှိ ရဲကင်းတပ်စခန်း ၂ခုနှင့် စစ်တပ်ရင်းတစ်ခု စုစုပေါင်း ၄ နေရာခန့်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း နမ်စီဘွမ့် ဒေသခံတစ်ဦးကို KNG က ဆက်သွယ်မေးမြန်းခဲ့ သည်။

“မကျန်းခ ရဲကင်းတပ်စခန်းကိုတော့ မနက်ပိုင်း အစောကတည်းက မီးရှို့ဖျက်စီးပြီး သိမ်းလိုက်တယ်တဲ့။ နောက်ပြီးတော့ အခု နမ့်စီဘွမ့်မှော်ကြီးမှာရှိတဲ့ တပ်ရင်းနဲ့ ရဲကင်းစခန်းကို ပြန်ပြီး မီးရှို့ဖျက်စီးလိုက်တယ်။ အားလုံးဝင်သိမ်းလိုက်တယ်လို့ တော့ ကြားနေရပြီ”ဟု ပြောဆိုသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ အောက် တပ်ရင်း ၃၁ အဖွဲ့က အဆိုပါတပ်စခန်းများကို တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးနောက် နံနက် ၆ နာရီ ဝန်းကျင်တွင် အာဏာသိမ်း စစ်တပ်က လေယာဉ် ၃ စီးဖြင့်လာရောက်တိုက်ခိုက်ခဲ့သည်ဟု သူက ဆက်ဆိုသည်။

မကျန်ခကျေးရွာ ရဲကင်းစခန်းအပြန်အလှန်တိုက်ပွဲဖြစ်ပွားရာတွင် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဘက်မှ ၃ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၂ဦးက ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေခံများပြောဆိုချက်မှ သိရသည်။

နမ့်စီဘွမ်မှော်တွင် ထပ်မံဝင်ရောက်တိုက်ခိုက်ချိန်တွင်လည်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်မှုများပြားနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

မကျန်ခ (Machyang Hka) ကျေးရွာနှင့် နမ့်စီဘွမ့်ကျောက်စိမ်းမှော်မှာ အကွာအဝေး ၁မိုင်ခန့်သာရှိပြီး မကျန်ခကျေးရွာသည် နမ့်စီးဘွမ့်မှော်၏ အောက်ဘက်တွင်ရှိနေကြောင်း သိရသည်။

Show More

Related Articles

Back to top button