လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

KIA ဖျက်ဆီးခဲ့သည့် ယုဇနကုမ္ပဏီဝင်းတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ဦး ဖမ်းဆီးခံရ

လီဒိုလမ်းမပေါ် ဘန်ကောက်ကျေးရွာရှိ စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီဝင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒုတိယအကြိမ် မီးရှို့ဖျက်စီးခဲ့ပြီးနောက် ထိုနေရာတွင် သံတိုသံစ သွားကောက်သည့် ဒေသခံ ၆၀ ကျော်ကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

မေလ ၁၉ရက်ည ယုဇနကုမ္ပဏီဝင်းရှိ ဝန်ထမ်းအိမ်များ၊ ဂိုဒေါင်များနှင့် အုပ်တံတိုင်းများကို KIA က ဘက်ဟိုးဖြင့် တစ်စစီ သွားရောက်ဖျက်စီးခဲ့ပြီးနောက် ထိုခြံဝန်းရှိ သံတိုသံစများကို အနီးတဝိုက်ရှိဒေသခံများက ကား ၊ ဆိုင်ကယ် ၊ သုံးဘီးများဖြင့် တစ်ရက်လျှင် လူဦးရေ ၅၀ ခန့် သွားကောက်ခဲ့ကြသည်။

ဒေသခံများ သံတိုသံစ သွားကောက်သည့်အကြောင်းကို ရှဒူဇွပ်အခြေစိုက် ခလရ ၂၉၇ တပ်ရင်း ကြားသိပြီးနောက် မေလ ၂၁ရက်နေ့ မွန်းလွဲပိုင်းတွင် လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဘန်ကောက်ကျေးရွာ ဒေသခံတစ်ဦးထံမှ သိရသည်။

“ကုမ္ပဏီဝင်းအတွင်းက ပျက်စီးသွားတဲ့ သံတိုသံစ ပစ္စည်းတွေကို ဒီမှာရှိကြတဲ့ ဒေသခံတွေအများကြီးက သွားကောက်ကြတာ အများကြီးဘဲ။ စဖြစ်တဲ့နေ့ကဘဲ။ ဒေသခံတွေက ပြန်ရောင်းစားဖို့ထင်တယ်။ အဲ့ဒါကို စစ်တပ်ကသိသွားတယ်ထင်တယ်။ မနေ့ညနေက လိုက်ဖမ်းတယ်။ အဲ့မှာ ၆၀ယောက်လောက်ပါသွားတယ်။ အခုထိပြန်မလွတ်ကြသေးဘူး။ ၂၉၇ တပ်ရင်းမှာဘဲရှိနေသေးတယ်တဲ့” ဟု ပြောဆိုသည်။

အချို့ကို ယုဇနကုမ္ပဏီဝင်းတွင် ဖမ်းမိသလို၊ အချို့ကို လမ်းတွင် စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု စံပြဒေသခံတစ်ဦးထံမှ သိရသည်။

ယုဇန ကုမ္ပဏီသည် ဘန်ကောက်ကျေးရွာတွင်တည်ရှိသော်လည်း သံတိုသံစ သွားကောက်ခဲ့သည့်ကျေးရွာများတွင် ရှဒူးဇွပ်၊ အောင်ရာ ၊ စံပြ၊ ဝါရာဇွပ် စသည့်ကျေးရွာတို့ ပါဝင်ကြောင်း သိရသည်။

Show More

Related Articles

Back to top button