ပူတာအိုမြို့နယ်တွင် စစ်အင်အားတိုးချဲ့လာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကား ၂ စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ တပ်ဖွဲ့က ယနေ့ နံနက် လုံရှာယန်ကျေးရွာအနီးတွင် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၂၉ ရက်နေ့ ယနေ့နံနက် ၈နာရီခွဲ ဝန်းကျင်တွင် ပူတာအိုမြို့မှထွက်လာသော အာဏာသိမ်းစစ်တပ် စစ်အင်အား ၃၀ ဝန်းကျင်ဖြင့် ကား ၂ စီးကို လုံရှာယန် (Lung Sha Yang) မရောက်ခင် ၅မိုင်အလို HpakMa ကျေးရွာတွင် KIA က ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက KNG သတင်းဌာနကို ဖြေဆိုခဲ့သည်။
“တိုက်ပွဲဖြစ်သွားတာက လုံရှာယန်မရောက်ခင် ဖပ့်မာကျေးရွာမှာ ဟုတ်တယ်။ လုံရှာယန်ဘက်မှာ သူတို့ စစ်အင်အားတိုးချဲ့ဖို့ထင်တယ်။ အဲ့ဒါကို KIA က လမ်းတဝက်မှာဝင်တိုက်လိုက်တာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက သိပ်မကြာဘူး။ အပြန်အလှန်ပြန်တိုက်ကြတာနဲ့ဆို နာရီဝက်လောက်တော့ရှိတယ်။ သူတို့ရဲ့ ထိခိုက်မှုတွေက တော့မသိရဘူ”ဟု ပြောဆိုသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာမှာ ပူတာအိုမြို့မှ ၁၆မိုင်ခန့်ဝေးသည့်နေရာတွင်ဖြစ်ပြီး လုံရှာယန်ကျေးရွာမရောက်ခင် နေရာတွင်ဖြစ်သည်။
“အစကတော့ ဝါးကွဲသံ ထင်တာ နောက်တော့ သေနတ်သံလို့ ပြန်ပြောကြတယ်။ ခြံမှာအလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်ကတော့ သေနတ်သံကြားလို့ ရွာဘက်ကို ပြေးလာတာတော့ရှိတယ်” ဟု လုံရှာယန် ဒေသခံ တစ်ဦးက ပြောသည်။
ပူတာအိုမြို့ရှိ စစ်တပ်၏ အဓိကဗျူဟာကုန်းဖြစ်သော ခလရ ၄၆ တပ်ရင်းကိုလည်း ယမန်နေ့က KIA တပ်ရင်း ၇ က တိုက်ခိုက်ခဲ့ပြီး၊ ယနေ့တွင်လည်း စစ်အင်အားတိုးချဲ့လာသော ယာဉ်တန်းကို ထပ်မံ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။