တိုက်ပွဲသတင်း

အလော့ဘွမ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားပို့ မြင်းများ ရောက်ရှိနေ

မိုးမောက်မြို့နယ်ရှိ အလော့ဘွမ်စခန်းကို တိုက်ခိုက်ရန် အာဏာသိမ်းစစ်တပ်၏ မြင်း (၂၅) ကောင်ထက်မနည်း နွမ်းလန့် အခြေစိုက် ခမရ (၄၃၈) တပ်စခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မေလ ၂၈ ရက်နေ့ မွန်းလွှဲပိုင်း ၃နာရီခန့်တွင် နွမ်းလန့်တပ်စခန်းသို့ မြင်းသယ်လာသည့်ယာဉ်တန်း ၈စီး ဖြတ်သွားသည်ကို တွေ့ရသည်ဟု မျက်မြင်များက ပြောသည်။

“မြင်းသယ်တဲ့ ကားက ၆စီး၊ တစ်စီးက မြင်းစာဖြစ်တယ်။ နောက်တစ်စီးက မြင်းထိန်းဖြစ်နိုင်တယ်။ အားလုံး ၈စီး ဟုတ်တယ်။ ကျနော်တို့သိရသလောက်က အလောဘွမ့်ဘက်ကို လက်နက်သယ်ယူဖို့ဘဲဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မိုးတွင်းမှာက ကားတွေလည်းသွားလို့မရတော့ဘူ။ နောက်ပြီး ကားနဲ့ဆို  KIA က မကြာခန မိုင်းခွဲပေးတယ်။ ဒါကြောင့်လို့ဘဲမြင်တယ်” ဟု ပြောဆိုသည်။

မြင်းသယ်လာသည့် ကား ၈ စီးအနက် ၁ စီးလျှင် မြင်း ၄ကောင်ခန့်ပါရှိနိုင်ပြီး ကား ၆စီးတွင် မြင်း ၂၅ ကောင်ခန့် ရှိနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

အဆိုပါ မြင်းများအနက် ၁၀ ကောင်ကျော်တွင် လက်နက်ရိက္ခာများတင်ပို့ကာ စစ်အင်အားဖြင့် မေလ ၂၉ ၊ ယနေ့ နံနက် ၄ နာရီခန့်တွင် အလော့ဘွမ်တောင်သို့ တက်သွားကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် အလောဘွမ့်ကို ပြန်လည်တိုက်ခိုက်ရန် လက်ရှိ နွမ့်လန်၊ ဒေါ့ဖုန်းယာန်နှင့် မြို့သစ်ကုန်းလော နေရာ တို့တွင် နေ့စဉ် စစ်အင်အား ၁၀၀ ကျော် တိုးချဲ့ချထားသောကြောင့် ယခုအပတ်အတွင်းပင် စစ်အင်အားအသစ် ၈၀၀ ခန့် ထပ်မံ ရောက်ရှိလာသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

လက်ရှိ အလော့ဘွမ်တောင်ခြေတွင် အာဏာသိမ်းစစ်တပ်၏ တပ်မ ၈၈ ၊ ၇၇ နှင့် ၅၅ စစ်ကြောင်း အင်အား ၂၀၀၀ ခန့်က နေရာယူထားကြောင်း သိရသည်။

အလော့ဘွမ်သို့တက်လာသော  အာဏာသိမ်းစစ်တပ်ကို KIA နှင့် ရက္ခိုင်တပ်တော် AA ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်တိုက်ခိုက်သောကြောင့် တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေကြောင်း သိရသည်။

Show More

Related Articles

Back to top button