တိုက်ပွဲလူ့အခွင့်အရေးချိုးဖောက်မှုသတင်း

တနိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာစာသင်ကျောင်းနှင့် နေအိမ်တချို့ မီးလောင်ပျက်စီး

တနိုင်းမြို့နယ် တနိုင်းချောင်းအောက် တလူး (Daru) ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့် ၂ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်အချို့ ပျက်စီးသွားကြောင်း သိရသည်။

ဇွန်လ ၂ရက်နေ့တွင် လေယာဉ် ၂စီး၊ ဇွန်လ ၃ရက်နေ့ တွင် လေယာဉ် ၄စီးဖြင့် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်မှ သိရသည်။

“လေယာဉ်နဲ့ ၂ရက် လာတိုက်တယ်။ ပထမရက်က ၂စီး၊ ဒုတိယရက်က ၄စီးနဲ့လာတယ်။ မနေ့ကဆို လူနေအိမ်အနီးမှာဘဲ ဗုံးလာချပေးတော့ အနီးမှာရှိတဲ့ လူနေအိမ် တစ်ချို့ မီးထဲပါသွားတယ်။ မီးရှို့ပျက်စီးသွားတဲ့ အရေအတွက်တော့ မသိရတော့ဘူ” ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကျေးရွာအတွင်းရှိနေသည့် KIA စစ်သားတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူတစ်ဦးလည်း ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း သိရသည်။

ထိုသို့ ကျေးရွာမီးရှို့ခံရသော ဒေသခံများတွင် အချို့က တနိုင်းမြို့သို့ ထွက်ပြေးလာနေကြောင်း တနိုင်းမြို့ခံတစ်ဦးထံမှ သိရသည်။

“မနေ့က ဟိုမှာစစ်တပ်က လေယာဉ်နဲ့ဗုံးလာကြဲတော့ ဒီဘက်ကိုထွက်ပြေးလာကြတယ်။ အားလုံးတော့မဟုတ်ဘူး။ တစ်ဝက်လောက်တော့ တနိုင်းမှာရောက်နေပြီတဲ့။ ကျနော်တို့နဲ့တော့မတွေ့ရသေးဘူး။ လူဦးရေ ဘယ်လောက်ရှိတယ် ဆိုတာလဲမသိရသေးဘူး” ဟု ပြောဆိုသည်။

တလူး (Daru) ကျေးရွာသည် တနိုင်းမြို့ အနောက်ဘက် မိုင် ၃၀ကျော်ခန့်ဝေးသည့်နေရာတွင်တည်ရှိပြီး ဖုန်းလိုင်းနှင့် ဆက်သွယ်ရေးအလွန် ခက်ခဲသော နေရာဒေသတစ်ခုဖြစ်ပါသည်။

တလူး (Daru) ကျေးရွာသည် ယခင်က KIA ထိန်းချုပ်နယ်မြေဖြစ်သော်လည်း ၂၀၁၈ ခုနှစ် ဟူးကောင်းဒေသကို အကြမ်းဖက်စစ်ကောင်စီက နယ်မြေရှင်းလင်းစဉ် သိမ်းပိုက်ခဲ့သည်။ သို့သော် ထိုဒေသတွင် ယနေ့ချိန်ထိ နှစ်ဖက်တပ်လှုပ်ရှားနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button