လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

KIAနဲ့ ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီက ဖမ်းဆီးထား

ကချင်ပြည်နယ်၊ ချီဖွေမြို့စစ်ရှောင်စခန်း၂ တွင် နေထိုင်သည့် မူကြိုဆရာမ တစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ဆက်အသွယ်ရှိသည်ဟု တိုင်တန်းထားသူရှိသည့်အတွက် ဇွန်လ ၁ရက်နေ့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း စစ်ရှောင်များထံမှ သိရသည်။

” သူ့အိမ်နားက မိန်းကလေး ၂ယောက်က KIA ဘက် ဝင်သွားတာကို မိဘတွေ‌က အဲဆရာမဆက်သွယ်ပေးလို့ဆိုပြီးတိုင်ထားတဲ့သဘောမှာ ရှိတယ်။ အဲကြောင့်လာဖမ်းသွားတယ်လို့ သိရတယ်။”ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် အသက် ၄၀ အရွယ်ရှိ ဒေါ်လဘောင်ခေါညွယ်သည် ဇန်နောင်ယန် မူကြိုကျောင်းမှ မူကြိုဆရာမဖြစ်ပြီး သားသမီး ၄ ဦး မိခင်ဖြစ်ကာ ဖမ်းဆီးခံရချိန် အငယ်ဆုံး သားငယ်ကိုပါ ခေါသွားကြောင်း သိရသည်။

“လာဖမ်းတာတော့ အဲဆရာမ တစ်ယောက်ကိုဘဲ ဖမ်းတာဟုတ်တယ် ကလေးတော့ မဖမ်းဘူး။ ဒါပေမယ့် ကလေးကလည်း ငယ်သေးတယ် ၃နှစ်ကျော်ဘဲရှိသေးတော့ သူ့အမေ မခွဲနိုင်လို့ ခေါသွားတာဟုတ်တယ်။ သားအမိ နှစ်ယောက်စလုံး ဖမ်းတာတော့ မဟုတ်ဘူး။”ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ KIA ဘက်သို့ ဝင်သွားသည့် မိန်းကလေး ၂ဦးသည် မိမိသဘောဆန္ဒဖြင့် ဝင်ရောက်သွားခြင်းသာဖြစ်သောကြောင့် ဆရာမဒေါလဘောင်ခေါညွယ်နှင့် မသက်ဆိုင်ကြောင်း ပြောဆိုသည်။

ဆရာမလဘောင်ဒေါခေါညွယ်ကို ဇွန်လ ၁ရက်နေ့ နံနက်ပိုင်း ၁၀နာရီဝန်းကျင်တွင် ရဲနဲ့စစ်သား အင်အား၂၀ ခန့်ကလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိ ချီဖွေရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ချီဖွေဒေသသည် အာဏာသိမ်းစစ်တပ်နှင့် ၎င်း၏လက်အောက်ခံ ဦးဇခုန်တိန့်ယိန်းဦးဆောင်သော ပြည်သူ့စစ်အဖွဲ့တို့ အားကောင်းသောကြောင့် KIA နှင့် ဆက်သွယ်သည်ဟု ယူဆရသောသူများကို ဖမ်းဆီးမှုများရှိနေသလို၊ စစ်ရှောင်များကိုလည်း ပြည်သူ့စစ်မလုပ်မနေရ ဖိအားပေးမှုများရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် ပြည်နယ်အနှံ တိုက်ပွဲဖြစ်ပွားနေပြီဖြစ်သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၇ ဒေသဖြစ်သော ချီဖွေ၊ ပန်ဝါ ဒေသများတွင် ယနေ့ချိန်ထိ ပစ်ခတ်မှု မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button