တိုက်ပွဲသတင်း

လိုင်ဇာမြို့အနီး ခယာဘွမ့်တွင် ရိက္ခာပို့နိုင်ရန် ဒေါ့ဖုန်းယန် မှ ကားလမ်းတစ်လျှောက် စစ်အင်အားတိုးချဲ့ချထား

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး ခယာဘွမ် (Hka Ya) ရှိ အာဏာသိမ်းစစ်တပ်ကို ရိက္ခာပို့ရန် ဒေါ့ဖုန်းယန်မှ ခယာကျေးရွာအထိ လမ်းတစ်လျှောက် စစ်အင်အား ၅၀၀ ကျော် ချထားကြောင်း စုံစမ်းသိရှိရသည်။

ဗန်းမော်-ဒေါ့ဖုန်းယန်-လိုင်ဇာ လမ်းကြောင်းတစ်လျှောက် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းသွားလာမှုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သောကြောင့် စစ်တပ်က အဆိုပါ လမ်းကြောင်းတစ်လျှောက် စစ်အင်အားအလုံးအရင်းဖြင့် ချထားသည်ကို တွေ့ရကြောင်း အမည်မဖော်လိုသူ ပြည်သူတစ်ဦးက ပြောပြလာသည်။

“ဒေါ့ဖုန်းကနေ လဂျားယန်အထိ ဗန်းမော်လမ်းမကြီးတစ်လျှောက်ဘဲ စစ်အင်အားတွေနဲ့လုံခြုံရေးချထားတယ်။ ရွာတိုင်းလိုလိုဘဲ စစ်သားတွေရှိကြတယ်။ ခါတိုင်းဆို တစ်ယောက်မှ မရှိကြဘူး။ စစ်ရိက္ခာသယ်ယာဉ် ကားတွေက ခယာဘွမ့်အထိပို့ကြတယ်လို့ သိရတယ်။ သူတို့က နှစ်တိုင်းပို့ကြတာတော့ဟုတ်တယ်။ ဒါပေမယ့် ဒီနှစ်တော့ ပိုများတယ်လို့ပြောလို့ရတယ်။ ပြီးရင် ခါတိုင်းနှစ်ဆို ဒီအချိန်မှာဆို သယ်ယူပြီးကြပြီ။ ဒီနှစ်က KIA က ကြားဖြတ် ဝင်ဝင်တိုက်ပေးတယ်ဆိုတော့ အခုမှပို့ကြတယ်လို့ ပြောလို့ရတယ်” ဟု ပြောဆိုသည်။

ယခုလိုကျေးရွာတိုင်း စစ်အင်အားချထားမှုမှာ နှစ်စဉ် ခယာဘွမ့်သို့ ပို့နေကျ ရိက္ခာပို့ဆောင်ရေးအတွက် လုံခြုံရေးယူပေးသော တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

ခယာ (Hka Ya)၊ နားလုံ (Na Lung)၊ လဂျားယန် (La Ja Yang)၊ တုန်ဟုန်း (Dung Hung)၊ လွယ်မောက် (Loi Mawk)၊ ခလား(Hka La)၊ ဒဂါ(Daga)နှင့် ဒေါ့ဖုန်းယန် (Daw Hpum Yang) စသောကျေးရွာတို့တွင် စစ်အင်အား ချထားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်း ၇နာရီခွဲကလည်း ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှ စစ်ရိက္ခာသယ်သည့်ကား ယာဉ်တန်း ၁၃ စီး က ခယာဘွမ်သို့ တက်သွားကြောင်း ဒေါ့ဖုန်းယန်ဒေသခံများက ဆိုသည်။

ယမန်နေ့ကလည်း အလားတူ ဒေါ့ဖုန်းယန်မှ ခယာဘွမ်သို့တက်လာသည့် စစ်ရိက္ခာသယ် ၁၆စီးပါသည့်ယာဉ်တန်းကို KIA က ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး လဂျာယန်ကျေးရွာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုသို့ ဗန်းမော်လမ်းမကြီးပေါ်ရှိ ကျေးရွာတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်ဘက်မှ စစ်အားအများအပြား တိုးချဲ့ ထား သောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

Show More

Related Articles

Back to top button