သတင်း

တာမခန် သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာ

ဖားကန့် စစ်အာဏာရှင်ဆန့်ကျင်ရေး တာမခန် သပိတ်စစ်ကြောင်းတွင်ပါဝင်မှုကြောင့် ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရသောအမျိုးသား ၄ ဦးကို ယနေ့တွင် အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

နောက်နောင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် မပါဝင်တော့ပါကြောင်း အာမခံဖြင့် လက်မှတ်ရေးထိုးခိုင်းကာ ယနေ့ နံနက် ၇ နာရီက လွတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသူများနှင့် နီးစပ်သူ တာမခန်ပြည်သူတစ်ဦးက ယခုလိုပြောသည်။

“ဒီမနက် အစောကြီးမှာ အာမခံနဲ့ ၄ ယောက်စလုံးကို ပြန်လွတ်ပေးခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ ဖုန်းတွေက ပြန်စစ်အုံးမယ်ဆိုပြီး ပြန်မပေးလိုက်ဘူး။ နောက် ဆန္ဒပြပွဲမှာသုံးတဲ့ ပစ္စည်းတွေလည်း ပြန်မပေးဘူး။ အာမခံတဲ့ အပိုင်းက နောက်ခါ သပိတ်ထဲမလိုက်ဖို့နဲ့ သပိတ်ပြန်မလုပ်ကြဖို့ ပြောခဲ့တယ်လို့သိရတယ်” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ၄ ဦး၏ ဖုန်းများနှင့် ဆန္ဒပြပွဲတွင် အသုံးပြုသည့် ဘောက်စပီကာနှင့်လော် များကို ပြန်မပေးဘဲ သိမ်းထားကာ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်တွင် ဖားကန့် တာမခန်သပိတ်စစ်ကြောင်းသည် အခြား မြို့များနှင့်မတူဘဲ အားဏာသိမ်းပြီး ၅ လ ကျော်တိုင်အောင် နေ့စဉ်မပြတ် စစ် အာဏာရှင်ကိုဆန့်ကျင် ဆန္ဒဖော်ထုတ်နေသော မြို့ဖြစ်သည်။

စစ်တပ်နှင့် ရဲဘက်ကလည်း နေ့စဉ် သေနတ်ပစ်ဖောက်ကာ ဆန္ဒပြပြည်သူများကို လိုက်လံဖမ်းဆီးမှုပြုနေသော်လည်း ပြည်သူများက ပျောက်ကြားသပိတ်၊ နံနက်ခင်း သပိတ်၊ ညသပိတ် နှင့် ဆိုင်ကယ်သပိတ်များဖြင့် ပုံမှန်ပြုလုပ်နေသည်။

ကချင်ပြည်နယ်အတွင်း အခြားဒေသများတွင်မူ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက် ဆန္ဒဖော်ထုတ်မှုများ မရှိတော့သည်ကို သိရသည်။

Show More

Related Articles

Back to top button