တိုက်ပွဲသတင်း

စစ်ကောင်စီ လက်အောက် ရဲတပ်သား ၃ဦးကို KIA ဖမ်းဆီးခေါ်ဆောင်သွား

ဖားကန့်လမ်း ကပ်မှော်ကျေးရွာနှင့် ၂မိုင်ခန့်ဝေးသည့် တံတားညီနောင်အနီး မကော့လယန် (Makaw La Yang) တွင် အာဏာသိမ်းစစ်တပ် လက်အောက် ရဲတပ်သား ၃ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါသည်။

ဇွန်လ ၃၀ရက်နေ့ ညနေပိုင်း ၄နာရီဝန်ကျင်ခန့်က ဖားကန့်ဘက်သို့ တက်လာသော ကားတစ်စီးကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၄ က ကြားဖြတ် စစ်ဆေးခဲ့ရာ အရပ်ဝတ်ဖြင့် ရဲ ၃ဦးကို စစ်ဆေးမိသဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောဆိုထားသည်။

“KIA က ပုံမှန်တော့မစစ်ဘူး။ တစ်ခါတစ်လေမှ ထွက်ပြီးစစ်လေ့ရှိတာ ဟုတ်တယ်။ မနေ့ကတော့ စစ်ဆေးကြည့်တော့ ရဲ ၃ယောက်ပါတဲ့ကားကို စစ်မိလိုက်တာ။ ရဲတွေကအရပ်ဝတ်တွေနဲ့ ဖြစ်တယ်လို့ကြားတယ်။ KIA က ရဲမှန်းသိသွားတော့ ဖမ်းခေါ်သွားတယ်တဲ့”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

ဖမ်းဆီးခံရသည့် ရဲ ၃ဦးတွင် သေနတ် ၃လက်အပါ လက်လုပ်မိုင်းတစ်ချို့ကို ကားပေါ်တွင် တွေ့ရှိခဲ့သည့်အတွက် KIA က သိမ်းယူသွားကြောင်းသိရသည်။

KIA က ဖမ်းဆီးခေါ်ဆောင်သွားသော အဆိုပါ ရဲ ၃ဦးမှာ ဖားကန့် လုံးခင်းရဲစခန်းမှ ဖြစ်ကြောင်း နောက်ထပ် အမည်မဖော်လိုသူ သတင်းအရင်းအမြစ် ထံမှ သိရသည်။

“ဖမ်းခံရတဲ့ ရဲက ၃ယောက်တဲ့။ အားလုံးက ဒီ ဖားကန့် လုံခင်းရဲစခန်းက ဟုတ်တယ်လို့ကြားတယ်။ ဘယ်သူဖြစ်တယ်ဆိုတာက ကျနော်တို့ အသေးစိတ်စုံစမ်းလို့မရပါဘူး။ ကျနော်တို့ အချင်းချင်း လှမ်းပြောပြရင်းနဲ့ သိသွားတာဘဲရှိတယ်” ဟု ပြောဆိုသည်။

ထိုသို့ ရဲ ၃ ဦးကို KIA က ဖမ်းဆီးခေါ်ဆောင်သွားသည့်အတွက် နန့်ယားကျေးရွာ အခြေစိုက် အာဏာသိမ်းစစ်တပ်ကုန်းမှ KIA ရှိရာဘက်သို့ ယနေ့ နံနက်ပိုင်းက လက်နက်ကြီးဖြင့် ၄ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း နန့်ယား ဒေသခံတစ်ဦးထံမှ သိရသည်။

အာဏာသိမ်းပြီးနောက် ဖားကန့်လမ်းတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများ မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button