တိုက်ပွဲသတင်း

စစ်ကောင်စီ သေနတ်ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရ

ဒေါ့ဖုန်းယန်မြို့နယ်ခွဲ တုန်ဟုန်းကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့၏ သေနတ် ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ ကျော်အဖိုး နှင့် ၃ နှစ် အရွယ်မြေးလေးတစ်ဦး သေနတ်ထိမှန် ဒဏ်ရာ ရရှိထားကြောင်း သိရသည်။

ဇူလိုင် ၂ ရက် ယနေ့ နံနက် ၉ နာရီခွဲတွင် ဒေါ့ဖုန်းယန် မှ ခယာဘွမ် လမ်းမပေါ်တွင် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်သားများကို တုန်ဟုန်း ကျေးရွာအနီး မန့်ဆိုင်း လမ်းကွေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ရီမုတ်မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက သေနတ် ရမ်းသမ်း ပစ်ခတ်ချိန် ယခုလို ထိခိုက်သွားခဲ့ခြင်း ဖြစ်သည်။

“မိုးလဲချောင်း နားမှာ လယ်လုပ်ပြီး နေနေတဲ့ မြေး အဘိုး နှစ်ယောက် ထိသွားတယ်။ ဗုံးပေါက်တာကတော့ ၉ နာရီခွဲလောက်မှာ ၂ ကြိမ်ဟုတ်တယ်” ဟု နီးစပ်ရာ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးက ပြောသည်။

အသက် ၆၀ ကျော်အရွယ်အဖိုး၏ ဝမ်းဗိုက်တွင် သေနတ်ထိမှန်ပြီး၊ ၃ နှစ်အရွယ် မြေးလေး၏ လက်တွင် ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။

ယနေ့ နံနက် မိုးမလင်းမှီကစပြီး စစ်ကောင်စီတပ်သားများသည် ဒေါ့ဖုန်းယန်မှ ခယာဘွမ်အထိ လမ်းမပေါ် နှင့် ကျေးရွာများတွင် စစ်အင်အားအများအပြား ပြန်လည်ချထားသည်ကို တွေ့ရကြောင်း ဒေသခံများ ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းတွင်လည်း လိုင်ဇာမြို့အနီး ခယာဘွမ်ရှိ စစ်ကောင်စီ တပ်စခန်းကို ရိက္ခာပို့ရန် လမ်းကြောင်းတစ်လျှောက် စစ်အင်အား ၅၀၀ ကျော်အသုံးပြုကာ လုံခြုံရေးယူပေးခဲ့သော်လည်း ပစ်ခတ်တိုက်ခိုက်မှုများ ကြုံတွေ့ခဲ့ရသည်။

ယနေ့နံနက် စစ်ကောင်စီ တပ်သားများကို KIA က ရီမုတ်မိုင်းဖြင့် ၂ ကြိမ် တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက် ထိခိုက်ကျဆုံးမှုကို အသေးစိတ် မသိရသေးပါ။

Show More

Related Articles

Back to top button