တိုက်ပွဲသတင်း

စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်း တိုက်ခိုက်

စစ်ကိုင်းတိုင်း နေရာ ၃ ခုတွင် ၂၄ နာရီအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူပေါင်းပြီး စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက် ထိခိုက်မှုများခဲ့ကြောင်း သတင်းရရှိသည်။

ဇူလိုင်လ ၃ ရက် ယနေ့ နံနက် ၄နာရီဝန်းကျင်က ကသာမြို့နယ် မိုးတားကျေးရွာအထက်ကို ဝင်ရောက်လာသော အာဏာသိမ်းစစ်တပ်ကို KIA နှင့် PDF ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ကသာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုးတာကြီးအထက်မှာ ဟုတ်တယ်။ ဒီမနက် ၄ နာရီကနေ ၆ နာရီလောက်အထိ ပစ်ခတ်ကြတယ်။ အခုမှပြန်ငြိမ်သွားတယ်။ ကျနော်တို့ ဆက်သွယ်မေးမြန်းကြည့်ရသလောက်က အာဏာသိမ်းစစ်တပ်ဘက်ကနေ ထိုးစစ်စစ်ရေးလှုပ်ရှားလာတာကို KIA နဲ့ PDF က နယ်မြေအခြေအနေအရ ဖြတ်ခွင့်မရအောင် ပြန်လည်တိုက်ခိုက်တဲ့ သဘောမှာရှိတယ်။ လက်ရှိအခြေနေက စစ်တပ်ကို ထွက်လို့မရအောင် KIA နဲ့ PDF ကဝိုင်းတယ်တဲ့။ စစ်တပ်က အထဲမှာ ဒဏ်ရာရတဲ့သူတွေတောင်ပါတယ်လို့ကြားနေရတယ်။ ထိခိုက်မှုတွေက သေချာမသိရသေးဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲ ဖြစ်ပွားခဲ့သော မိုးတားကျေးရွာသို့  စစ်အင်အားဖြည့်ရန် ရွှေကူမှ အာဏာသိမ်း စစ်တပ် အင်အား ၃၀ ကျော်ပါသည့် စစ်ကား ၂စီး ထွက်သွားကြောင်း ရွှေကူဒေသခံများ ပြောသည်။

ထိုနည်းတူ ဇူလိုင် ၂ ရက်နေ့ မွန်းလွဲပိုင်း ၃နာရီဝန်းကျင်ခန့် စစ်ကိုင်း ကောလင်းမြို့ အဝင် သစ်ဆိမ့်ကုန်းတွင် အာဏာသိမ်းစစ်တပ်၏ စစ်ကား ၂စီးကို KIA နှင့် PDFတို့ ပူပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ အရာရှိ ၂ဦးနှင့် တပ်သား ၂ဦး ထိုနေရာတွင် သေဆုံးသွားကြောင်း သိရသည်ဟု KIA ရှေ့တန်းသတင်းအရင်းမြစ်တစ်ဦးထံမှ သိရသည်။

“ကောလင်းဘက် လမ်းနားမှာရှိတဲ့ သစ်ဆိမ့်ကုန်းနားမှာ ကျနော်တို့ဘက်ကအဖွဲ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်။ အဲ့မှာဘဲ နာရီဝက်လောက်အကြာ တိုက်ပွဲ ဖြစ်သွားခဲ့တယ်။ ကျနော်တို့ဘက်က ထိခိုက်တာမရှိဘူ။ စစ်တပ်ဘက်က အရာရှိ ၂ ယောက်နဲ့ စစ်တပ်သား ၂ယေယက် အဲ့နေရာမှာဘဲဆုံးသွားတယ်” ဟု ပြောဆိုသည်။

ထိုသို့ တိုက်ခိုက်ခံသော အာဏာသိမ်းစစ်တပ်က RPG လက်နက်ကြီးဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရာ KIA နှင့် PDF ကို ထိခိုက်မှုမရှိဘဲ အနီးတဝိုက်ရှိ ကျေးရွာအတွင်းထိခိုက်ခဲ့သောကြောင့် အမျိုးသာတစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သူကဆက်ဆိုသည်။

ထို့အပြင် ဇူလိုင် ၂ ရက် ယမန်နေ့ည ၁၁ နာရီခွဲက စစ်ကောင်စီတပ်များစီးလာသော ကား ၂ စီးကို ထီးချိုင့်တွင် KIA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဘက်က အယောက် ၂၀ ကျော် ကျဆုံးခဲ့သည်ဟု ထီးချိုင့် PDF အဖွဲ့က ယနေ့ နံနက်ပိုင်းက ထုတ်ပြန်ထားသည်။

ယနေ့ နံနက်နှင့် ယမန်နေ့က တိုက်ပွဲဖြစ်ပွားသည့် နေရာ ၃ ခုတွင် မိုးညှင်းအခြေစိုက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ မှ တပ်ရင်း ၅ နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကိုင်းတိုင်းဒေသ ကောလင်း နှင့်အခြားနေရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ကို ကြားသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။ ထို့အပြင် KIA နှင့် PDF ပူးပေါင်းတိုက်ခိုက်ရန် တရားဝင် အမိန့်ညွန်ကြားထားခြင်းလည်း မရှိကြောင်း သူက ဆက်လက်ပြောဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာဒေသများမှာ အာဏာသိမ်းစစ်တပ်မှ ကချင်ပြည်နယ်သို့ စစ်အင်အား တိုးချဲ့လာသော လမ်းကြောင်းများ ဖြစ်သောကြောင့် ပစ်ခတ်မှုများ ပုံမှန်ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

Show More

Related Articles

Back to top button