စစ်ပြေးဒုက္ခသည်များတိုက်ပွဲသတင်း

ဖားကန့် လမ်းတွင် အာဏာသိမ်းတပ်နှင့် KIA တိုက်ပွဲဖြစ်ပြီး ကျေးရွာ ၄ ခု ဒေသခံများ ထွက်ပြေးတိမ်ရှောင်နေရဆဲ

ဖားကန့်လမ်း ကျေးရွာ ၄ ခုတွင် အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား စစ်ရေးတင်းမားနေသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့မှစတင်ပြီး ဒေသခံ ၂၀၀ ကျော် စစ်ရှောင်အဖြစ် တိမ်းရှောင်နေရကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့မှ စ၍ ကပ်မှော်အုပ်စုဖြစ်ကြသော ခွမ်ဆိုင်ဇွပ် (Hkum Tsai Zup)၊ ဂေါ့လိုယန် (Gawlu Yang Mare)၊ ပျားအုံ (Gat Noi) နှင့် တံတားညီနောင် စသောကျေးရွာ အနီးတဝိုက်တို့တွင် တိုက်ပွဲပြင်းထန်လာသည့်အတွက် အဆိုပါကျေးရွာများရှိ ဒေသခံများသည် ဆိုင်းဖရာကျေးရွာ (Senghpra Mare) ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်ကာ အာဏာသိမ်းစစ်တပ်ဘက်က ကျေးရွာအတွင်း တပ်စွဲနေထိုင်နေသောကြောင့် ရွာပြန်ရန် အခက်အခဲရှိနေသည်ဟု ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသော တာဝန်ရှိသူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခုဒီဘက်ကိုထွက်ပြေးလာတဲ့ စစ်ရှောင်တွေက ရွာပြန်နေထိုင်ဖို့က မဖြစ်နိုင်သေးဘူး။ စစ်ရှောင်ဖို့ဘဲများနေတယ်။ နောက်ထပ် ကျေးရွာတစ်ခုတောင် ထပ်ရောက်လာဖို့ဘဲရှိ တယ်။ တိုက်ပွဲက ဒီထက်ပြင်းထန်ဖို့ဘဲရှိနေတယ်။ အခုက ရွာတွေမှာ စစ်တပ်က တပ်စွဲနေထိုင်ထားတယ်။ ဒေသခံတွေက ပြန်ဖို့ မဖြစ်နိုင်သေးဘူး” ဟု ပြောဆိုသည်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကျေးရွာ ၄ခုမှ စစ်ရှောင်ဦးရေ ၂၀၀ ကျော်ခန့်သည် ဆိုင်းဖရာကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းတွင် ယာယီတိမ်းရှောင်နေပြီး ၎င်းတို့၏ စားဝတ်နေရေးနှင့် နေရာအခက်အခဲရှိနေကြောင်း သူကဆက်ဆိုထားသည်။

“အစားအသောက်နဲ့ဆေးဝါးပစ္စည်းတွေ အရမ်းလိုအပ်နေတယ်။ နောက်တစ်ခုက ဘုရားကျောင်းဝင်းအတွင်းမှာ တိမ်းရှောင်နေတာဖြစ်တဲ့အတွက် ရေရှည်က အဆင်မပြေဘူး။ ဖြစ်နိုင်ရင်တော့ စစ်ရှောင်စခန်းတစ်ခုလိုအပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က ဘုရားကျောင်းဝင်းအတွင်းဆိုရင် မသင်္ကာဖြစ်စေတယ်။” ဟု ပြောဆိုသည်။

လက်ရှိ ဆိုင်းဖရာ ဘုရားကျောင်းဝင်းတွင် တိမ်းရှောင်နေသည့် စစ်ရှောင်ဦးရေ ၁၉၅ ဦးနှင့် အိမ်ထောင်စု ၅၀ခန့် ရှိပြီး ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးကင်းမိခင်များလည်း ပါဝင်ကြောင်းသိရသည်။

ယမန်နေ့ ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားလာသောကြောင့် ဆိုင်းဖရာကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်လာရသည့် အကြောင်းနှင့် လက်ရှိတိမ်းရှောင်နေသည့် စခန်း၏  အခက်အခဲကို ခွမ်ဆိုင်ဇွပ်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“ကျမတို့က ရွာအတွင်းမှာတိုက်ပွဲဖြစ်တဲ့အတွက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကြတဲ့ကြားထဲကနေ ရအောင်ထွက်ပြေးလာခဲ့တာဖြစ်တယ်။ ရွာအထဲမှာ လက်နက်ကြီး ၄ခုလောက်ကျတယ်။ အခုချိန်ထိ မကွဲဘဲစိုက်နေတဲ့ လက်နက်ကြီးတောင်ရှိနေသေးတယ်။ ဘာမှ ပြင်ဆင်ချိန်မရလိုက်ဘူး။ ဒီတိုင်း အဝတ်တစ်ထည် ကိုယ်လွတ်ထွက်ပြေး လာခဲ့တာ ဖြစ်တယ်။ အခုဒီမှာရောက်တော့လဲ ဘယ်ချိန်ပြန်ရမှန်းမသိဘူး။ အချိန်ကြာ စစ်ဘေးဖြစ်မလား။ ဝတ်ဖို့အဝတ်အစားတောင်မပါဘူး” ဟု ပြောဆိုသည်။

ဖားကန့်မှ ဆင်းလာသော အာဏာသိမ်းစစ်တပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်ရင်း ၄၄ တပ်ဖွဲ့က ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ ထိုနေရာတွင် ယနေ့ထိ နှစ်ဖက် စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။

ထို့အပြင် ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းကလည်း နန့်ယားအခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်သဖြင့် ခွမ်ဆိုင်ဇွပ် နှင့် ဆိုင်းဖရာ ဒေသခံ ၆ ဦး လက်နက်ကြီး ကျည်ထိမှန်ကာ ဒဏ်ရာ ရရှိခဲ့သည်။

Show More

Related Articles

Back to top button