Covid-19 Reportingသတင်း

ကဘူဒမ်းစစ်ရှောင်တစ်ဦး Covid-19 ဖြင့်ကွယ်လွန်၊ မိသားစုဝင်များ အကူညီလိုအပ်နေ

မြစ်ကြီးနားမြို့ နန်းကွေ့ ကဘူဒမ်း စစ်ဘေးရှောင်စခန်းတွင် covid-19 ကူးစက် ရောဂါကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် သူ၏မိသားစုဝင်များသည်လည်း အစားအသောက်နှင့် ဆေးဝါးခက်ခဲနေကြောင်း စခန်း တာဝန်ရှိသူများထံမှ သိရသည်။

နန်းကွေ့ ကဘူဒမ်းစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး သြဂုတ်လ ၂၁ ရက်နေ့က Covid-19 ရောဂါကြောင့် မြစ်ကြီးနား ပြည်သူ့ဆေးရုံတွင် သေဆုံးခဲ့ကြောင်း စစ်ရှောင်စခန်းတာဝန်ခံ ထံမှ သိရသည်။

“အမျိုးသမီးက ကိုဗစ်-၁၉ နဲ့ ဆုံးသွားပြီ တစ်နေ့က။ သူ့မှာ သူ့ယောကျာ်းနဲ့ ကလေးငယ်တစ်ယောက်ကျန်ခဲ့တယ်။ ကလေးမှာက Positive ပါတယ်။ ယောကျာ်းက လူနာစောင့်ဆိုတော့ သူ့ကို အခု စစ်ရှောင်စခန်းမှာဘဲ ကွာရန်တင်း ၂၁ ရက် နေခိုင်းထားရတယ်။ သူတို့မိသားစုက စစ်ပွဲတုန်းကလည်း လင်မယားနှစ်ယောက် သေနတ်ဒဏ်ရာရပြီး သူတို့ကလေးတစ်ယောက်လည်း လက်နက်ကြီးကျပြီး ပွဲချင်းပြီး ဆုံးသွားခဲ့တယ်​လေ။ သူတို့မိသားစုက အရမ်းခက်ခဲတယ်။ သူ့ယောကျာ်းက နားသိပ်မကြားဘူး။ ကလေးကလည်း ငယ်သေးတယ်။” ဟု ကဘူဒမ်း စစ်ရှောင်စခန်း တာဝန်ခံ ပြောသည်။

ကဘူဒမ်း စစ်ဘေးရှောင်စခန်းတွင် လက်ရှိ ကိုဗစ် ပိုးတွေ့လူနာ ကလေး ၃ ဦးရှိပြီး အစာအာဟာရနှင့် ဆေးဝါး ကူညီထောက်ပံ့မှု လိုအပ်နေကြောင်း သိရသည်။

အဆိုပါစစ်ရှောင်စခန်းတွင် ကူညီထောက်ပံ့မှုများ လုံလောက်စွာ မရရှိသောကြောင့် ရောဂါကူးစက်နေသော မိသားစုများအပြင် စစ်ရှောင်အားလုံးတွင် အခက်အခဲ ရှိနေကြောင်း စခန်းတာဝန်ခံ က ဆက်ပြောသည်။

“ဆေးဝါးနှင့် ဆန်ကူညီမှု မရှိသလောက်ပဲ တစ်ခါတစ်လေ ပေါ်လာတတ်တယ်။ အပြင်ထွက်မရတဲ့ခါ တစ်ကိုယ်ရည် အသုံးအဆောင်တွေအတွက် ငွေရေးကြေးရေးအဓိက အခက်အခဲရှိနေတယ်။ အထူးသဖြင့် လာကူညီတဲ့သူတွေက ကိုဗစ် လူနာတွေအတွက် ဦးတည်ပြီးပဲ ကူညီကြတယ်။ ကျနော်တို့ စစ်ရှောင်စခန်းက WFP ကပဲ ကူညီမှုရတာဆိုတော့ ကိုဗစ်ဖြစ်ပြီး ကူညီမှု ပျက်သွားတော့ ဆန်၊ဆီ၊ဆားတွေ ဝယ်ရတဲ့ အနေအထားရှိတော့ ငွေကြေးကမရှိ အားလုံး တော်တော်ဒုက္ခရောက်နေကြတယ်။ ကိုဗစ်လူနာတွေအတွက် ကူညီထောက်ပံ့မှုတွေကိုလည်း အများကြီးကျေးဇူးတင်တယ်။ ဒါပေမဲ့ ကျန်တဲ့မိသားစုတွေလည်း စားဖို့သောက်ဖို့ လိုအပ်တာကြောင့် သူတို့အတွက်လည်း အများကြီးခက်ခဲမှုတွေရှိတော့ ကူညီထောက်ပံ့စေလိုပါတယ်။” ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံကပြောသည်။

ကဘူဒမ်းစစ်ရှောင်စခန်းတွင် စစ်ရှောင် အိမ်ခြေ ၁၄ ခုရှိပြီး လူဦးရေစုစုပေါင်း ၄၄ ဦး ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button