မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ပူတာအိုတွင် ရေကြီးမှုကြောင့် တံတား ၂ စင်းပျက်စီးသွား

ပူတာအိုတွင် ၁ ပတ်ခန့်အကြာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ရေကြီးသဖြင့် တံတား ၂ စင်း ပျက်စီးသွားကြောင်းသိရသည်။

 
သြဂုတ်လ ၂၅ရက်နေ့မှစပြီး မလိခမြစ် စိုးရိမ်ရေအမှတ်ကျော်လွန်ကာ ယခင်နှစ်ထက် ရေကြီးရေလျှံမှုဖြစ်ခဲ့သောကြောင့် မချမ်းဘော့မြို့နယ်ရှိ ကျေးရွာအချို့တွင် ရေဝင်ရောက်ခဲ့သည်။
 
ထိုသို့ ရေကြီးရေလျှံဖြစ်သောကြောင့် ပူတာအိုမြို့နယ် နှင့် မချမ်း​ဘော့ မြို့နယ်ရှိ တံတား ၂ စင်း ပျက်စီးသွားကြောင်း ပူတာအို ဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။
 
“အခုပျက်သွားတဲ့ တံတား ၂ခုက ကျနော်တို့ ဒေသခံတွေအတွက်အရေးပါတဲ့ တံတားတွေဖြစ်တယ်။ ဟိုဘက်ရွာနဲ့ ဒီဘက် ပုံမှန်မဖြစ်မနေ သွားလာနေရတာပေါ့။ တခြားလမ်းမရှိဘူး။ ဒီလမ်းတစ်ခုထဲနဲ့သွားနေရတဲ့ လမ်းဖြစ်တယ်”ဟုပြောဆိုသည်။
 
ပျက်စီးသွားသည့် တံတား ၂ စင်းမှာ ပူတာအိုမြို့နယ် ဝင်းလုံ(Win Lung)နှင့် ကောက်နော် (Kawk Naw) ကျေးရွာ ၂ ခုကြား ဆက်သွယ်ထားသည့် နမ်ရှဲ (Nam She Mahkrai)ကြိုးတံတားနှင့် မချမ်းဘော့မြို့နယ် မန်းနူ(Man Nu Mare)နှင့် နမ်ဘူယန်(Nam Bu Yang) ကျေးရွာ ၂ခုကို ဆက်သွယ်ထားသည့် နမ်ကံခ​(Nam Kan Hka)ကြိုးတံတားတို့ဖြစ်ကြောင်း သိရသည်။
 
လက်ရှိ ထိုတံတား ၂ စင်းပျက်စီးနေသောကြောင့် ဒေသခံပြည်သူများ သွားလာရေးတွင် အလွန်ခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
Show More

Related Articles

Back to top button