ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုး ကောင်းလုံအနီးတွင် ဩဂုတ်လ ၂၈ ရက်ညနေပိုင်းက စစ်ကောင်စီနဲ့ KIA ၊MNDAA တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စကစတပ်ရင်းမှူး ၂ ဦးကျဆုံးကြောင်း ဒေသခံတွေနဲ့ ကိုးကန့် သတင်းအရ သိရပါတယ်။
“သြဂုတ်လ ၂၈ ညနေ ၅:၃၀ မှ ည ၈:၄၅ ထိ မုံးကိုး ကောင်းလုံမှာ K.I.A နဲ့ MNDAA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တို့တိုက်ပွဲ ပြင်းထန်ခဲ့တယ်။ ၅၂၅ တပ်ရင်းမှူး နှစ်ဦး သေတယ်လို့ သိရတယ်။” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဩဂုတ် ၂၇ မှာတော့ မုံးကိုး ကောင်းလုံရွာအကျော်၊ နမ်ဟာ – မန်ခွမ် ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ တပ်ရင်း ၃၆ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်။ နမ့်တောင်းအနီး မြန်ဒန်တောင်ကြောတလျှောက်မှာ ဩဂုတ်လ ၂၇ ရက်ထိ MNDAA နဲ့ စကစ တို့တိုက်ပွဲ ဖြစ်တယ်လို့ နမ့်တောက် ဒေသခံ တစ်ဦးက ပြောပါတယ်။
ဩဂုတ်လ ၂၇ ရက် ညနေ ၃ နာရီ ဝန်းကျင်က နမ့်တောင်းနဲ့ မုံးပေါ်ကြား ရှူဘုတ်ကောင်းခါး မှာ KIA နဲ့ စစ်ကောင်စီ တိုက် တိုက်ပွဲ မိနစ် အနည်းငယ် ဖြစ်ပွားခဲ့တယ် လို့ မုံးပေါ်ဒေသခံ တစ်ဦးက ပြောပါတယ်။
မြန်မာ့အမျိုးသားတရားမျှတရေးပါတီ (MNTJP) နှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ဟူဒေါင်ရွာမှာ အစည်းအဝေးလုပ်အပြီး စကစဘက်မှ တပ်မ ၉၉ က စစ်ကြောင်းထိုးလာတဲ့အတွက် နေ့လည် ၁၂ နာရီကစ Toshima ကျေးရွာနောက်ကျော တောင်မှာ ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်အထိ ကြာခဲ့ကြောင်း ကိုးကန့် သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီ တိုက်ပွဲမှာ မြန်မာစစ်သားအနည်းဆုံးလေးဦး သေဆုံးပြီးအခြားများစွာဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
မုံးကိုး ဒေသမှာ ဇူလိုင်လ ဆန်းပိုင်းကစ MNDAA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့ပြီး ဩဂုတ်လ ၂၈ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ KIA ၊ MNDAA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲ ကြောင့် မုံးကိုး ဖာင်းဆိုင်ဘက် စစ်ဘေးဒုက္ခသည် ၁၉၀ ကျော် ရှိပြီး ကြူကုတ် (ပန်ဆိုင်း) ဘက် ၁၄၀၀ ကျော်နဲ့ ပန်ဆိုင်းမြို့ အသိအိမ်တွေမှာ အိမ်ခြေ ၃၀ ခန့် ယာယီ တိုက်ပွဲ ရှောင် နေကြရတာ ဖြစ်ပါတယ်။
Bum Shep