လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖမ်းဆီးခံ လူငယ်တစ်ဦး၏ ဖိအားပေး ထွက်ဆိုမှု ဗီဒီယို ထွက်ပေါ်

ပူတာအို လူငယ်များအနေဖြင့်  ‘KIA က ပေးသည့် PDF သင်တန်းမတက်ဘဲ မြို့ပေါ်တွင် အေးအေးချမ်းချမ်းနေထိုင်ရန် ပြောလိုကြောင်း’ ဖမ်းဆီးခံ လူငယ်တစ်ဦး၏ ထွက်ဆိုမှု ဗီဒီယိုဖိုင်မှာ စစ်ကောင်စီ၏ ဖိအားပေး ပြောဆိုခိုင်းမှု တစ်ခုသာ ဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူ လူငယ်တစ်ဦး က ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့ Facebook စာမျက်နှာတစ်ခုတွင်တင်ထားသော ရုပ်သံဗီဒီယိုဖိုင်တွင် ထွက်ဆိုထားသူမှာ ပြီးခဲ့သော ဇွန်လ ၂၈ ရက်နေ့ ပူတာအို မြို့မရပ်ကွက်တွင် ယောက်ဖဖြစ်သူ ဦး ရင်ထန်ဖေရမ်ကို လာရောက်ဖမ်းဆီးခဲ့ချိန် ယောက်ဖ မရှိသည့်အတွက် ကိုယ်စား ဖမ်းဆီး ခံရသော လဂေါင်နော် (La Gawng Naw) ဆိုသူဖြစ်သည်။

“အခုရုပ်သံဗီဒီယိုနဲ့ ထွက်ဆိုထားတဲ့ လူငယ်ကို အစတုန်းကတော့ ပူတာအိုအကျဉ်းထောင်မှာ ထည့်ထားတာ ဟုတ်တယ်။ နောက်ပိုင်းမှာဘဲ (၄၆) တပ်ရင်းထဲ ပြန်ခေါ်ပြီးတော့ အတင်းထွက်ဆိုခိုင်းတဲ့ ရုပ်သံဖြစ်နေတယ်။ အဲ့ဒါကို တစ်ချို့က မသိကြဘူး။ သူ့ဘက်ကနေ ဒီတိုင်း ဝန်ခံပြောဆိုထားတယ်လို့ဘဲ ထင်နေကြတယ်” ဟု နီးစပ်ခဲ့သူ လူငယ်တစ်ဦးက KNG ကို ပြောသည်။

အဆိုပါ ဗီဒီယိုတွင် ထွက်ဆိုမှုများမှာ ၎င်းတို့အနေဖြင့် ပူတာအိုမှ တီယန်ဇွပ်တစ်ဖက်ကမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၁ နယ်မြေတွင် ၁ လကြာ စစ်သင်တန်းဆင်းပြီး ပြန်လာသူများဖြစ်ကြောင်း ထွက်ဆိုထားသည်။

လက်ရှိတွင် သူနှင့်အတူသင်တန်းတက်ခဲ့သော မိတ်ဆွေများမှာ တောတောင်ထဲတွင် ထွက်ပြေးနေရသဖြင့် ပူတာအိုရှိ တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် PDF သင်တန်းမတက်ဘဲ မြို့ပေါ်တွင် အေးအေးချမ်းချမ်း နေသွားဖို့ ပြောချင်ကြောင်း ဆိုထားသည်။

လက်ရှိ ပူတာအိုမြို့ပေါ် ရပ်ကွက်များနှင့် မူလာရှီးဒီဂိတ်အနီးတဝိုက်တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် PDF တွင် ပါဝင်သည်ဟု ယူဆရသော လူငယ်များ၏ ဓါတ်ပုံများကို ကပ်ထားကာ ဖမ်းဆီးရန်ကြိုးပမ်းနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပူတာအိုတွင် အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ဆန္ဒပြသော လူငယ်များကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလကလည်း ခေါင်လန်ဖူးမှ ပူတာအိုသို့ ဆင်းလာသော လူငယ်များ မဂွေဇတွင် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့၏ မိဘများကို စစ်တပ်အကြိုက် ပြောဆိုခိုင်းသော ဗီဒီယိုများ ထွက်ပေါ်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button