သတင်း

အင်တာနက် ပိတ်ထားသော ဖားကန့်တွင် ရဟတ်ယာဉ် ၂ စီး လာရောက်ပျံဝဲ

ဖားကန့်မြို့ပေါ် တွင် စစ်တပ် ရဟတ်ယာဥ် ၂စီး ယနေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ ၂ ကြိမ်တိတိ လာရောက်ပျံဝဲနေကြောင်း သိရသည်။

မွန်းလွဲပိုင်း ၂ နာရီခန့်အချိန်တွင် ပထမအကြိမ် ပျံဝဲခဲ့ပြီးနောက် ညနေ ၅နာရီအချိန်တွင်လည်း ရဟတ်ယာဥ် ၂စီးဖြင့် ထပ်မံပျံဝဲနေသည်ဟု ဖားကန့် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“အခုချိန်ထိ လေယာဥ် ၂စီးပျံဝဲနေတုန်းဖြစ်တယ်။ ပထမတစ်ခေါက်က ဖားကန့် ဗျူဟာကုန်းမှာ ပြန်ဆင်းသွားတယ်။ အခုတစ်ခါ ဒုတိယအခေါက် ပြန်တက်လာတယ်”ဟုပြောဆိုသည်။

ဖားကန့်မြို့အတွင်း ရဟတ်ယာဥ်များ ပျံဝဲနေသည့်အတွက် ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ ပြည်သူများမှာ စိုးရိမ်သဖြင့် အပြင်မထွက်ဘဲ နေအိမ်တွင်သာ ရှိနေသည်ဟု သိရသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီက ဆက်သွယ်ရေး အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာ ၃ ပတ်ခန့်ကြာမြင့်လာပြီဖြစ်သည်။

ထိုသို့ စစ်တပ်က အင်တာနက်လိုင်း ပိတ်လိုက်သောကြောင့် စစ်ပွဲပြင်းထန်လာမည်ကို စိုးရိမ်သဖြင့် ဒေသခံများမှာ ကုန်ပစ္စည်း ဝယ်ယူစုဆောင်းမှုများ ရှိနေကြောင်း သိရသည်။

သို့သော်လည်း လက်ရှိအချိန်ထိ စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဖားကန့်ဒေသတွင် တိုက်ပွဲ ပြင်းထန်ခြင်းမရှိသေးကြောင်း ဒေသခံများ ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း စစ်အင်အားအပြည့် တင်ဆောင်လာသော စစ်သင်္ဘာများသည် မန္တလေးမှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်မှ သိရသည်။

Show More

Related Articles

Back to top button