သတင်း

လိုင်ဇာမြို့အနီး စစ်ကောင်စီတပ် အင်အား ထပ်ဖြည့်နေ

မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ အာဏာသိမ်းစစ်တပ် အင်အား ၃၀၀ ကျော်ခန့်သည် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာဘက်သို့ ဦးတည်ကာ ယနေ့ နံနက် အစောပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

လိုင်ဇာမြို့အနီး လဂျားယန် (La Ja Yang) နှင့် ခယာဘွမ့် (Hka Ya Bum) စသော နေရာများတွင် စစ်အင်အား တိုးချဲ့ရန် ဖြစ်သည်ဟု ဒေါ့ဖုန်းယန် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဒီမနက် အစေားကြီးကနေ ထွက်သွားကြပြီ။ ယာဥ်တန်းနဲ့မဟုတ်ဘူး။ ခြေကျင်နဲ့သာဖြစ်တယ်။ လဂျားယန်နဲ့ ခယာဘက်ကို သွားတဲ့အဖွဲ့ဖြစ်တယ်။ တိုက်ပွဲတွေ ပြန်ဖြစ်မလားမသိဘူး”ဟု ပြောဆိုသည်။

ယခုလအတွင်း ဒေါ့ဖုန်းယန်မှ လိုင်ဇာသွားလမ်းတစ်လျှောက်တွင် အာဏာသိမ်းစစ်တပ်မှ စစ်ရေးဖြည့်တင်းသည့် လှုပ်ရှားမှုများ ပုံမှန်ရှိလာကြောင်း သူကဆက်ဆိုသည်။

ထို့အပြင် နွမ်လန့်ကျေးရွာတွင် ထပ်မံတိုးချဲ့ထားသည့် စစ်ကောင်စီတပ် စစ်အင်အား ၂၀၀ ခန့်က အလောဘွမ့် နှင့် ရှန်းဒုန်းဘွမ့် ဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

ယနေ့နံနက် အလောဘွမ့်လမ်းဘက်သို့ ထွက်ခွာသွားသည့် စစ်အင်အားအဖွဲ့မှာ  စက်တင်ဘာလ ၁၉ရက် ယမန်ညက ဗန်းမော်မြို့ဘက်မှ နွမ်လန့်တပ်စခန်းအတွင်းသို့ ရောက်ရှိလာသောအဖွဲ့ဖြစ်ကြောင်း ဒေသခံများပြောဆိုချက်အရ သိရသည်။

ထို့နောက် ပြီးခဲ့သည့် စက်တင်ဘာလ ၈ရက်နေ့ကလည်း ဒေါ့ဖုန်းယန်မြို့မှ စစ်ကောင်စီ အင်အား ၂၀၀ ကျော်သည် KIO ထိန်းချုပ်နယ်မြေ တပ်ရင်း ၁၉ သို့ ဝင်ရောက်သွားခဲ့သည်။

လက်ရှိ ဒေသခံများ၏ ပြောဆိုချက်အရ ဒေါ့ဖုန်းယန်နှင့် ခယာဘွမ့်အထိ  စစ်ကောင်စီတပ် အင်အား ၁ ထောင်ဝန်းကျင်ခန့် စစ်အင်အားဖြည့်တင်းထားကြောင်း သိရသည်။

Show More

Related Articles

Back to top button