သတင်း

PDF များအတွက် လက်နက်တပ်ဆင်ပေးရေး လုပ်ဆောင်နေဟု NUG ဝန်ကြီးပြော

တစ်နိုင်ငံလုံးအတိုင်းအတာ PDF များကို လက်နက်တပ်ဆင်ပေးရန် လုပ်ဆောင်နေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဒေါက်တာတူးခေါင် ထံမှ သိရသည်။

CRPH ထံလှူထားသော ဒေါ်လာ ၁၇ သန်းကျော်ကိစ္စ အမေးအဖြေဟုဆိုကာ NUG အစိုးရ၏ လုပ်ဆောင်နေမှုများကို စက်တင်ဘာလ ၂၁ ရက်နေ့ ဝန်ကြီး ဒေါက်တာတူးခေါင်၏ Facebook တွင် ရေးသားထားသည်

“မြို့နယ် ၃၃၀ အားလုံး နှံ့အောင်တော့ စောင့်ရမှာပေါ့။ တနိုင်ငံလုံးမှာရှိတဲ့ သိန်းချီသော PDF တွေအတွက် လိုအပ်ချက်တွေတော့ အများကြီးပါ။ တမြို့နယ် အလက် ၁၀၀ ပေးဖို့ ဆိုရင်တောင် ၃၃၀၀၀ လိုအပ်တယ်။ လက်ရှိ အလှူခံထားတဲ့ ဒေါ်လာ ၁၇ သန်း ဖိုး ဝယ်ရင်တောင် အလက် ၅၀၀၀ လောက်ပဲရမယ်။ အံ့သြဖို့ကောင်းတာက အဲ့ထက်မက တော့ဘူး။” ဟု PDF များအတွက် လက်နက်တပ်ဆင်ရေး အကြောင်းအရာကို ရေးသားထားသည်။

ထို့အပြင် တစ်နိုင်ငံလုံးအတိုင်းအတာ PDF အစစ်များနှင့် ဆက်သွယ်ဆောင်မှုများကို မနားမနေ လုပ်ဆောင်နေသည်ဟု ဆက်လက်ရေးသားထားသည်။

“အမှန်အကန် PDF တွေနဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ မနားမနေ လုပ်နေပါတယ်။ ဘယ်လိုလုပ်တယ် ဆိုတဲ့ နည်းနာကတော့ ကျနော်တောင်မသိဘူး။ ဒါပေမယ့် ဂျင်း PDF တော့ သတိထားရမှာပေါ့။ စကစ ဖက်က PDF အတုတွေ ထောင်ထားတာလဲရှိတယ် သတိထား။ PDF ဆိုတဲ့ လူတိုင်းနဲ့ မဆက်သွယ်နဲ့။ အသွင်ယူ PDF လှူမိတဲ့ အလှူရှင်တွေ အဖမ်းခံရတာတောင်မနည်းတော့ဘူး။” ဟု ရေးသားထားသည်။

NUG အစိုးရတခုလုံးအတွက် လိုအပ်သော ဘတ်ဂျက် မှာ ဒေါ်လာ သန်း ၈၀၀ ဖြစ်ပြီး ၎င်းတို့မှာ မကြာခင် ရရှိတော့မှာဖြစ်ကြောင်း ဒေါက်တာ တူးခေါင်က ရေးသားထားသည်။

အဆိုပါ ဝန်ကြီး​ဒေါက်တာ တူးခေါင်၏ အမေးအဖြေ ရေးသားမှုတွင် လူထုဘက်မှ NUG အစိုးရအပေါ် ဝေဖန် မေးမြန်းသော မေးခွန်းတစ်ချို့ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Show More

Related Articles

Back to top button