ပန်ဆိုင်း (ကြူကုတ်)တွင် လှည့်လည် ဈေးရောင်းနေသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှမ်းပြည်နာ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း မြို့နယ်ခွဲ၊ မန်မိုင်ရွာဘက်တွင် ဆိုင်ကယ်ဖြင့် လှည့်လည် ဈေးရောင်းနေသောအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီကျော်တွင် ပန်ဆိုင်း မှ ကျင်းစန်းကျော့သွားလမ်း မန်မိုင်ရွာတွင် တံမျက်စည်း၊ ကြက်မွှေး လှည့်ပတ်ရောင်းနေသော အမျိုးသားတစ်ဦးကို အမည်မသိအဖွဲ့က သေနတ် ၃ ချက်ခန့် ပစ်ခတ်သွားပြီးနောက် သေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
“ဟုတ်ပါတယ်။ သူတို့ ကျွန်တော့်ဆီ ဖုန်းဆက်တာတော့ ၁၁ နာရီ ဝန်းကျင်လောက်ရှိမှာပေါ့။ အဲဒါ ပန်ဆိုင်း လူမှု ကူညီရေးအသင်းကနေ အကူအညီတောင်းတာ။ ပန်ဆိုင်းဈေးကနေပြီးတော့မှ ဒီ ကျင်းစန်းကျော့ သွားတဲ့ ဘက်ပေါ့။ ကျွန်တော်တို့ ပန်ဆိုင်လူမှု ကူညီရေးအသင်းက အကူအညီတောင်းလာလို့ သွားသယ်ပေးတာပေါ့နော်။” ဟု ကူညီပေးခဲ့သူ က ပြောသည်။
သေဆုံသွားတဲ့သူမှာ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သဲစုရွာ မှ အသက် ၃၀ ကျော်အရွယ်ရှိ ချမ်းငြိမ်းအောင် ဆိုသူ ဖြစ်ပြီး ဘယ်ရင်အုံနား၊ ရင်ညွှန့်အောက်ဘေးနား နှင့် ညာနံရိုးတို့တွင် သေနတ်ကျည်ထိမှန် ဒဏ်ရာ သုံးချက်ဖြင့် သေဆုံး နေသည်ဟု ဆိုသည်။
သေဆုံးသူရဲ့ ရုပ် အလောင်းကိုသက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် မူဆယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။