တိုက်ပွဲသတင်း

အာဏာသိမ်းတပ် စစ်ကား ၃ စီးကို နမ္မတီးမြို့အနီး KIA မိုင်းခွဲ တိုက်ခိုက်

တနိုင်းမြို့ဘက်သို့ ဦးတည်ကာ ချီတက်လာသော အာဏာသိမ်းစစ်တပ် ယာဉ်တန်းကို နမ္မတီးမြို့အကျော် ကျေးရွာတစ်ခုတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက်နေ့ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်ခန့်က စစ်ရိက္ခာများအပါအဝင် အင်အား ၁၀၀ ကျော်ခန့်ပါဝင်လာသော စစ်ကား ၃ စီးကို မရန်ကထောင်ကျေးရွာနှင့် မကောက်ဇွပ်ကျေးရွာ ၂ခုကြားတွင် KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ဖြစ်တဲ့နေရာက မရန်ကထောင်ကျေးရွာအလွန် မကောက်ဇွပ်အနီးမှာရှိတဲ့ အခင်းတစ်ခုနားမှာ ဖြစ်သွားခဲ့တယ်။ ကျနော်တို့က အဲ့အခင်းအနားမှာရှိနေတာဟုတ်တယ်။ စစ်ကား ၃စီးလာတော့ KIA က တောဘက်ကနေ မိုင်း ၂ခါခွဲလိုက်တာ။ အဲ့အချိန်မှာ စစ်ကားပေါ်မှာရှိတဲ့ စစ်သားတွေက ကားပေါ်က ဆင်းပြီး တောထဲပြေးဝင်သွားကြတယ်။ စစ်ကား ၃စီးက ပြန်ခေါက်သွားတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းပါတယ်” ဟု ပြောဆိုခဲ့သည်။

မိုင်းခွဲ တိုက်ခိုက်ခံရသည့်နေရာတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် တဆက်တည်း မရန်ကထောင်ကျေးရွာ စစ်တပ်ဂိတ်တွင် ကား၊ ဆိုင်ကယ်နှင့် ဖြတ်လာသည့် ခရီးသည်များကို စစ်ဆေးရေး တင်းကြပ်ခဲ့ကြောင်း သူကဆက်ဆိုသည်။

စစ်ကား ၃စီးတွင် ပါရှိလာသည့် စစ်ကောင်စီတပ် စစ်အင်အား ၁၀၀ ကျော်ခန့်မှာ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ခြေကျင်ဖြင့် မကောက်ဇွပ် ကျေးရွာအနီးတဝိုက်တွင် ပုန်းခိုကာ လဝါးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားပြီ ဖြစ်ကြောင်းသိရသည်။

အဆိုပါ မိုင်းခွဲခံရသည့် စစ်ကောင်စီတပ်များမှာ ပြီးခဲ့သော အပတ်တွင် မြစ်ကြီးနားဘက်မှ မိုးကောင်းဘက်သို့ ပို့ဆောင်ထားသော အဖွဲ့ဖြစ်ပြီး ယနေ့နံနက်ပိုင်းက မိုးကောင်းမြို့ဘက်မှ တနိုင်းဘက်သို့ ထွက်ခွာလာရာမှ မိုင်းခွဲတိုက်ခိုက် ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

တနိုင်းမြို့နယ် တရုန်ကျေးရွာတွင် ပြီးခဲ့သည်အပတ်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၄၅ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Show More

Related Articles

Back to top button