မုံးကိုး စစ်ရှောင်စခန်းတွင် Covid-19 ပိုး ကူးစက်ခံရသူ ၁၀၀ ကျော်ရှိလာ

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ စစ်ဘေးဒုက္ခသည်စခန်းတွင် Covid-19 ပိုးကူးစက်ခံရသူ စစ်ရှောင် ၉၇ ဦး နှင့် ပရဟိတ ၅ ဦးထိ ရှိလာကြောင်း စစ်ရှောင်စခန်းတွင် စီမံခန့်ခွဲပေးနေသူ တစ်ဦးထံ မှ သိရသည်။
“ဒီနေ့ ၃၂ ဦး စစ်တာ ၁၈ ဦးတွေ့တယ်။ ပထမအကြိမ် ၃၇ ဦး၊ ဒုတိယအကြိမ် ၄၂ ဦး၊ တတိယအကြိမ် ၁၈ ဦးပေါ့။ စုစုပေါင်း စစ်ရှောင် ပြည်သူ ၉၇ ဦး။ အဲဒါတောင် အရမ်းဖျားတဲ့သူတွေကိုပဲ ရွေးတာ။ ကုသဖို့ နေရာ၊ ထားဖို့ နေရာ မရှိတော့လို့။ ပရဟိတ တွေက ပထမက ၂ ဦး၊ ဒုတိယအကြိမ် ၁ ဦး၊ ခု တတိယအကြိမ် ၂ ဦး စုစုပေါင်း ၅ ဦး” ဟု သူက ပြောသည်။
အဆိုပါ ပိုးတွေ့လူနာများအနက် လူနာ ၄၀ ကျော်ကို ပြည်သူ့ဆေးရုံတွင် ကုသပေးနေဆဲ ဖြစ်ပြီး အသင်းတော်နှစ်ပါးတွင်ရှိနေသော ပရဟိတ ဆရာဝန် ၂ ဦးနှင့်အတူ စစ်ရှောင် ၆၀ ကျော်အတွက် ဆေးဖိုးနဲ့ ဆေးပစ္စည်းတွေ အရေးပေါ် လိုအပ်နေကြောင်း သိရသည်။
“ပြည်သူ့ဆေးရုံမှာဆိုရင် တစ်ယောက်ကို အနည်းဆုံး တရုတ်ယွမ်ငွေ ၁၀၀၀ လောက် ဖျားနာတဲ့ ပေါ်မူတည်ပြီး ဆေးရုံမှာ ၄၀ လောက် ပို့ထားတယ်။ တရုတ်ငွေနဲ့ တွက်လိုက်ရင် မလွယ်ဘူး။ အခုက တစ်ယောက်မှ မဆင်းသေးတဲ့အတွက်။ ဘယ်လောက်တောင်းမလဲ မသိဘူး။” ဟု အလွန်ခက်ခဲနေကြောင်း ကူညီနေသူတစ်ဦးက ပြောသည်။
စစ်ရှောင်စခန်းအတွင်း ကျန်းမာရေးစည်းကမ်းချက်လိုက်နာမှု အားနည်းခြင်းနှင့် စနစ်မကျခြင်းတို့ကြောင့် ပိုးကူးစက်သူ ပိုများလာကြောင်း သူက ဆက်ပြောသည်။
ထိုသို့ စစ်ရှောင်စခန်းတွင် ရောဂါကူးစက်မှု များလာသောကြောင့် တိုက်ပွဲ ငြိမ်သက်ခြင်းမရှိသေးသော်လည်း မန်ခွမ် ဇွပ်ရာရွာ၊ နောင်လျန်ရွာ၊ နမ့်ဟာရွာတို့ မှ မိသားစု ၁၇ စုမှာ နေရပ်ပြန်သွားကြပြီဟု သိရသည်။
မုံးကိုးမြို့အနီးတွင် ဩဂုတ်လ ကုန်ပိုင်းမှစတင်ပြီး ယနေ့ချိန်ထိ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့သောကြောင့် အရပ်သားပြည်သူ ၄ ဦး လက်နက်ကြီး ကျည်ထိမှန်သေဆုံးခဲ့ရပြီး ဒေသခံ ၇၀၀ ကျော်မှာ ဩဂုတ်လ ၂၉ ရက်နေ့ကစ မုံးကိုးမြို့ပေါ် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးလာခဲ့သည်။
Bum Shep