တိုက်ပွဲသတင်း

ပင်လည်ဘူး တိုက်ပွဲတွင် စစ်ကောင်စီဘက် ၂၅ ဦးထက်မနည်း သေဆုံးဟု NUG ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်တွင် ကောလင်းဘက်မှလာသော စစ်ကောင်စီ အင်အား ၁၀၀ ခန့်ပါသော စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြီးကြပ်သော ဒေသခံ PDF များ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် သေဆုံးမှုများပြားခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် အင်္ဂါးကျေးရွာနှင့် ဆားတော်ငပုံကျေးရွာကြားတွင် ကောလင်းမြို့နယ် လာကာကျေးရွာ ဘက်မှလာသော အာဏာသိမ်းတပ်သား ၁၀၀ ခန့်ပါသောစစ်ကြောင်းနှင့် KIA ကြီးကြပ်သော ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး PDF တို့ ယနေ့ နေ့လည် ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ယနေ့ ည ထုတ်ပြန်ထားသည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၅ ဦးအထက် ကျဆုံးပြီး ထိခိုက်မှုများပြားကာ နောက်ဆုတ်သွားသည်ဟု ထုတ်ပြန်ထားသည်။

PDF ဘက်မှလည်း ၅ ဦး ဒဏ်ရာ ရရှိထားကြောင်း ဆိုသည်။

ထို့အပြင် စက်တင်ဘာ ၂၂ ရက်နေ့ ပင်လည်ဘူးမြို့နယ် မူးမြစ်တံတား တိုက်ပွဲတွင်လည်း စစ်ကောင်စီဘက် ၁၅ ဦးသေဆုံးပြီး ဗိုလ်ကြီးတစ်ဦး ပေါက်ရိုးကျိုးသွားသည်ဟု ဖော်ပြထားသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ကသာခရိုင် ကောလင်းနယ်ဖြစ်သော ပင်လည်ဘူး၊ ဝန်းသို နှင့် ကောလင်း PDF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီကြား ယခုအပတ်အတွင်း တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button