သတင်း

ပန်ဆိုင်းမြို့ မြန်မာနယ်နမိတ်အတွင်း ၁၀ ပေကျော်အထိ တရုတ်ဘက် စည်းကျော် လမ်းဖောက်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ခွဲ ရပ်ကွက် ၁ မန့်မိုင်မှာ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူ သတ်မှတ်ထားတဲ့ နယ်ခြားစည်းမျဉ်းထက် ၁၀ ပေကျော်လွန်ကာ တရုတ်ဘက်က ရေလယ်မှာ ကျောက်ချလမ်းဖောက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ တရားဝင် သတ်မှတ်ထားတဲ့ နေရာထက် ကျော်လွန်ပြီး တရုတ်ဘက်က လမ်းတွေ လုပ်နေတယ်။ ရေလယ် ကျောက်ချပြီး လမ်းလုပ်နေတယ်။ ချောင်းထဲ ၁၅ ပေလောက်ဝင်လာတယ်။ အရင်က ချောင်း ပေ ၂၀ လောက်ရှိတယ်။ ပန်ဆိုင်း မြို့ ရပ်ကွက် ၁၊ မန့်မိုင်ရပ်မှာ။ ဒီ ချောင်းအလယ်ထိ ရောက်နေတယ် သူတို့ကျောက်တွေ။ အစကတော့ ချောင်းက အုတ်တံတိုင်းထိ ကျယ်တယ်။ ပတ် ကင်းလမ်းဖောက်တာနေမယ်။ မုံးကိုးထိ ကာမလားမသိဘူး။ ရေကြီးလာလို့ လယ်ဘက် တိုက်စားလာလို့ ဝါးရုံနား စည်းရိုးလာလုပ်ရင်တောင်မှ သူတို့ သေနတ်နဲ့ ရောက်လာတယ်။” လို့ ဒေသခံ တစ်ဦးက အောက်တိုဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ ပြောပါတယ်။

နှစ်နိုင်ငံ နယ်ခြားစည်းမျဉ်းရဲ့ ၁၀ မီတာ အကွာအတွင်း ဘာမှ မလုပ်ရဘူးလို့ သတ်မှတ်ချက်ရှိထားပေမယ့် တရုတ်ဘက်က ချိုးဖောက်ပြီး မြန်မာဘက်ခြမ်း ၁၀ မီတာအတွင်းချောင်းအလယ်ထိ ကျောက်၊ မြေ ဖို့ကာ နယ်ခြားစည်းမျဉ်းတလျောက် တံတိုင်းကာတဲ့အပြင် ကင်းပတ်လမ်းပါ မြန်မာဘက်ခြမ်းအထိ ဖောက်လုပ်နေတာဖြစ်ပါတယ်။

တရုတ်ဘက်က အဲဒီလိုလုပ်ဆောင်နေတာကြောင့် မြန်မာ ဒေသခံတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေတွေ ထိခိုက်လာမှာ စိုးရိမ်နေကြပါတယ်။

“သူတို့ ဒီချောင်းမှာ ဒီလိုလုပ်လာလို့ ပန်ဆိုင်းဘက်ခြမ်းက လယ်တွေထဲ ရေတွေ ရောက်ကုန်တယ်။ မိုးရွာရင် ပိုဆိုးမှာ။ ချောင်းက ဒီ မြန်မာဘက်ခြမ်း ရောက်သွားမှာ။ လယ်တော အလယ်လောက် ရောက်သွားလိမ့်မယ်။ အခုတောင် ချောင်းက မြန်မာနိုင်ငံဘက်ခြမ်းလှည့်လာပြီ။ သူတို့လုပ်တဲ့ ပုံစံက။ ဒီနေရာက ပန်ဆိုင်း ရပ်ကွက် ၁ မှာပါတယ်။ အရင်တုန်းက မန့်မိုင်ရပ် လို့ခေါ်တယ်။ တကယ်ဆိုရင် သူတို့ ဒီ ချောင်းထဲကို အဲလို လုပ်လို့မရဘူး။ ၁၀ ပေကျော်တောင် ဝင်လာတယ်။ ညရော နေ့ည မနားမနေလုပ်နေတယ်။ ၁၀ မီတာအတွင်းမှာ ဘာမှ လုပ်လို့ မရဘူးဆိုပေမယ့် သူတို့က ၁၀ မီတာ အထဲ ရောက်နေပြီ။ နဂိုနေရာက သံပုရာပင် စိုက်ထားတဲ့နေရာထိရောက်တယ် ချောင်းက။” လို့ လယ်ပိုင်ရှင် ၁ ဦးက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းကစတင်ပြီး တရုတ်ဘက်က အဲဒီလိုလုပ်ဆောင်နေမှုကို မြန်မာဘက်က တာဝန်ရှိသူတွေ သွားရောက်ညှိနှိုင်းခဲ့စဉ်မှာ ခေတ္တရပ်နားထားခဲ့ပေမယ့် အခုအပတ်အတွင်းမှာပဲ ပြန်လည် လုပ်ဆောင်လာတာဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း မြန်မာ ဒေသခံတွေဘက်က သက်ဆိုင်ရာကို အကြောင်းကြားထားပေးမယ့် လာရောက်ကြည့်ရှုခြင်း မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကလည်း မူဆယ် မန်ဟီးရိုးမြို့နယ်ခွဲ ဟက်ဟင်ရွာမှာ မြန်မာဘက်ခြမ်း နယ်ခြားစည်းကျော်ပြီး တရုတ်ဘက်က နယ်ကျွံ စည်းရိုး ကာယူထားတာကြောင့် ဒေသခံတွေက ဆန္ဒပြကာ ပြန်လည် ဖျက်ဆီးပစ်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံဘက်က ပြီးခဲ့တဲ့ ၂၀၂၀ ကစတင်ပြီး ကိုဗစ်အကြောင်းပြချက်ဖြင့် မြန်မာ-တရုတ် နယ်စပ်တလျှောက် နယ်ခြား အုတ်တံတိုင်းကာနေတာဖြစ်ပြီး နေရာတိုင်းမှာ မြန်မာဘက်ခြမ်း စည်းကျော် ကာယူနေတာကို တွေ့ရပါတယ်။

Bum Shep

Show More

Related Articles

Back to top button