စစ်ပြေးဒုက္ခသည်များသတင်း

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် အစားအသောက်အကူညီများ ပြန်လည်လိုအပ်လာ

ကချင်ပြည်နယ် အင်ဂျန့်ယန်မြို့နယ်ရှိ ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် ကျန်းမာရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့နေရသဖြင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။

“အင်ဂျန်ယန် စစ်ရှောင်ပြည်သူတွေက လက်ရှိသူတို့မှာ အစားအသောက်အရမ်းခက်ခဲနေတယ်။ ဘာကြောင့်ဆိုရင် အဲ့ဒီကို သွားဖို့ ဂိတ်တွေကြောင့်နဲ့ လမ်းခရီးက ကြမ်းတမ်းတော့ ရောက်နိုင်ဖို့ တော်တော်ခက်ခဲတယ်။ ပစ္စည်းတွေပို့ဖို့ဆိုလည်း ဆာလာအိတ်တစ်အိတ်ကို သိန်းချီ ကုန်တာကြောင့် ပို့ပေးနိုင်ဖို့ ခက်ခဲတယ်။ နေဖို့ထိုင်ဖို့လည်း ခက်ခဲနေတယ်။ သူတို့ဟာသူတို့ တဲဆောက်ပြီး နေနေရတာကြောင့်၊ ဖျားပြီဆိုရင်လည်း ဘယ်မှသွားပြစရာနေရာမရှိဘူး။ ဖုန်းလိုင်းလည်း လုံးဝမရတာကြောင့် သူတို့ ဘယ်လိုဖြတ်ကျော်နေရတယ်။ ဘယ်လောက်ထိခက်ခဲနေတယ်ဆိုတာတေင် အသေးစိတ်မသိနိုင်ဘူး။” ဟု ဘွမ်ရာယန် စစ်ရှောင်ပြည်သူများအတွက် ကူညီပေးနေသူတစ်ဦး KNG ကိုပြောသည်။

လွန်ခဲ့သော ၂ လခန့်က ဘွမ်ရာယန်စစ်ရှောင်ပြည်သူများအတွက် လမ်းခရီးအခက်အခဲကြားမှ ကူညီထောက်ပံ့ပေးသော အလှူရှင်များရောက်ရှိနိုင်ခဲ့သော်လည်း နောက်ပိုင်း ကူညီထောက်ပံ့မှုများ မရောက်ရှိနိုင်သောကြောင့် ကျန်းမာရေးနဲ့ စားသောက်နိုင်ဖို့ အခက်အခဲများကြုံတွေ့နေကြောင်း သိရသည်။

ထို့ကြောင့် အင်ဂျန်ယန်စစ်ရှောင်ပြည်သူများအတွက် ဆေးဝါး၊ အစားသောက်နဲ့ အနွေးထည်များကို ကူညီပေးနိုင်ဖို့ အလှူရှင်များ အာရုံစိုက်ပေးရန်တောင်းဆိုထားသည်။

“အင်ဂျန်ယန်ဒေသမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေကိုလည်း အိမ်သာကအစ သူတို့နေတဲ့ အိမ်ကိုလည်း ဖြစ်သလို တဲနဲ့ပဲမဟုတ် နေနိုင်ဖို့ရယ်၊ ဆေးဝါးလည်းမရှိဘူး။ အစားအသောက်နဲ့ အခုဆောင်းရာသီဆို အရမ်းချမ်းလာတော့မှာ အနွေးထည်တွေလိုအပ်နေပြီ။ သောက်ရေအတွက် ပိုက်တွေ၊ အမျိုးသမီးများအတွက် မိန်းကလေးအသုံးအဆောင်ပစ္စည်းတွေ၊ ဒါတွေ အရေးကြီးနေတယ်။ အဓိက အစားအသောက်၊ အဝတ်အစား၊ ဆေးဝါး ဒါတွေလိုအပ်နေတယ်။” ဟု စစ်ရှောင်ပြည်သူများအား ကူညီပေးသူတစ်ဦးက ပြောသည်။

အင်ဂျန်ယန်ဒေသ ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၉၀ ကျော်ရှိပြီး လူဦးရေ ၉၀၀ ကျော်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ရှောင်များမှာ ပြီးခဲ့သော မတ်လက မြစ်ဆုံအထက်တွင် စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသော ပြည်သူများဖြစ်သည်။

Show More

Related Articles

Back to top button