Covid-19 Reportingသတင်း

အုပ်ချုပ်ရေးဒိုင်း ဘောလုံးပွဲကြောင့် နောင်မွန်တွင် Covid-19 ပိုးတွေ့ လူနာပိုများလာ

ပူတာအိုခရိုင် နောင်မွန်မြို့တွင် အောက်တိုဘာလ ၁၅ရက်နေ့ တစ်ရက်အတွင်း covid-19 အတည်ပြုလူနာ ၁၈ ဦးတွေ့ရှိခဲ့သည်ဟု နောင်မွန်ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကောင်စီလက်အောက်ရှိ အုပ်ချုပ်ရေးမှူးများအဖွဲ့ ဦးဆောင်သော ရပ်ကွက်ဘောလုံးပွဲအပြီး ရောဂါကူစက်မှုနှုန်း အလွန်များပြားလာသည်ဟု နောင်မွန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ သည်။

“ကိုဗစ်ပိုး စတွေ့တာ မနေ့ကဘဲဟုတ်တယ်။ ဒီလဆန်းပိုင်းမှာဘဲ မြို့ပေါ်ရပ်ကွက်တစ်ချို့မှာ ရောဂါကူးစက်ခံနေရတာရှိတယ်။ ဒါပေမယ့် သိပ်မဆိုးဘူးလို့ပြောလို့ရမယ်။ အခုက အုပ်ချုပ်ရေးဒိုင်း ဆိုပြီး ဘောလုံးပွဲလုပ်ကြတယ်။ အခုဆိုပိုများသွားပြီ။ မနေ့က တစ်ရက်ထဲ ၁၀ ယောက်ကျော်သွားတယ်။ ဒီကနေ့အထိ ဆို ၁၈ ယောက်ရှိသွားပြီလို့ကြားရတယ်” ဟု ပြောဆိုသည်။

ကိုဗစ်-၁၉ ရောဂါကူစက်ခံရသည့်သူများမှာ ဘောလုံးသမားများတစ်ချို့နှင့် စစ်ကောင်စီ၏ဝန်ထမ်းများဖြစ်သည်ဟု သိရသည်။

“အခုရောဂါ ကူးစက်မှုနှုန်းပိုများလာမှာ အရမ်းကြောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသမှာက စစ်ကောင်စီအောက်မှာရှိတဲ့ သူတွေဘဲ ပိုပြီး လုပ်ဆောင်နေကြတာဖြစ်တယ်။ ပြီးရင် အာဏာရှိတဲ့သူတွေက စစ်ဆေးမှု သိပ်မခံယူကြဘူး။ မစစ်သင့်တဲ့ သူတွေကိုတော့ အတင်းအဓမ္မစစ်ကြတယ်။ နောက် တစ်ခြားပါတီကသူတွေနဲ့ နိုင်ငံရေးလုပ်တဲ့သူတွေက သိပ်မရှိကြဘူး။ ဒါကြောင့် သူတို့ဆီကဘဲ ရောဂါကူးစက်မှုနှုန်းတွေ ဖြစ်လာမှာကိုဘဲစိုးရိမ်တယ်” ဟု သူကဆက်ဆိုသည်။

လက်ရှိ နောင်မွန်မြို့ပေါ်တွင် Covid-19 ကူးစက်ခံရသူ များပြားလာသည့်အတွက် ဒေသခံပြည်သူများကို တစ်နေရာမှ တစ်နေရာသို့ သွားလာရေးကန့်သတ်လိုက်သောကြောင့် စားဝတ်နေရေးပြဿနာ အလွန်ခက်ခဲလာမည်ကိုလည်း စိုးရိမ်နေကြသည်။

လွန်ခဲ့သည့်အချိန်များက မြန်မာနိုင်ငံ ဒေသအသီးသီးတွင် Covid-19 ရောဂါကူးစက်ပျံနှံ့မှုကြောင့် လူသေဆုံးမှုများပြားခဲ့သော်လည်း နောင်မွန်ဒေသတွင် ၅ဦးခန့်သာ ရောဂါကူးစက်ခံခဲ့ရပြီး သေဆုံးမှု လုံးဝမရှိခဲ့သော နေရာဖြစ်သည်။

နောင်မွန်မြို့သည် ပူတာအိုမြို့မှတဆင့် ကားဖြင့် ၁ ရက်သွားလာရသောနေရာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသောကြောင့်  သွားရသည့် တစ်ရက်ခရီးဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသေးသည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်ပြီး အလွန်အားနည်းနေသည့်အပြင် ထိထိရောက်ရောက် လာရောက် လုပ်ဆောင်ပေးမည့် အဖွဲ့အစည်းများလည်းမရှိကြောင်း ဒေသခံများ ပြောဆိုချက်မှ သိရသည်။

Show More

Related Articles

Back to top button