သတင်း

နောင်မွန်မြို့မှ ဖမ်းဆီးခံရသည့် ဆရာတော် ၃ ဦး ပြန်လည် လွတ်မြောက်လာ

ပူတာအိုခရိုင် နောင်မွန်မြို့မှ အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီး ချုပ်နှောင်ခံထားရသော ကချင်ခရစ်ယာန်ဓမ္မဆရာတော် ၃ ပါး အောက်တိုဘာ ၁၈ ရက် ညနေ ၅နာရီဝန်းကျင်က အကျဉ်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

လွတ်မြောက်လာသည့် ဓမ္မဆရာတော် ၃ဦးမှာ ပြီးခဲ့သော မေလ ၂၈ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်တရားစွဲဆိုထားခံခဲ့ရကာ ၅လခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခြင်းခံရခြင်းမှ ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

“ဆရာ ၃ယောက်စလုံးက ညနေပိုင်း လွတ်မြောက်လာပြီ။ ဆရာ ၃ယောက်စလုံးက ကျန်းမာစွာရှိပါတယ်” ဟု ပူတာအိုဒေသခံ တစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့ပါသည်။

ပြီးခဲ့သော မတ်လ ၃ရက်နေ့က နောင်မွန်လူငယ်များ ဦးစီးပြုလုပ်သည့် ‘မြန်မာနိုင်ငံတရားမျှတမှုအမြန်ဆုံး ရောက်ရှိလာနိုင်ရေး’ ခေါင်းစဉ်ဖြင့် ဘာသာပေါင်းစုံဆုတောင်းပွဲအစီအစဉ်တွင် တက်ရောက်ခဲ့သောကြောင့် ဆရာတော် ၃ ပါး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ဆရာတော် ၃ ပါးမှာ ဆရာတော် ဂိုရှန်ဆင်ဆားရ် (နှစ်ခြင်းခရစ်ယာန်အသင်းတော်)၊ ဆရာတော်ဇဂေါန်ထီန (ခရစ်တော်၏ အသင်းတော်)၊ သိက္ခတော်ရ ဆရာတော် မဟောင်ဒီ (ရဝမ်နှစ်ခြင်းအသင်းတော်) တို့မှ ဖြစ်ကြသည်။

ပူတာအို အကျဉ်ထောင်မှ လွတ်မြောက်လာသူများထဲတွင် ဆရာတော် ၃ ဦးအပြင် ပူတာအိုမြို့မှ သွားဆရာဝန်တစ်ဦးဖြစ်သည့် ဟိန်းသူရဇော်လည်း လွတ်မြောက်ခဲ့ရာတွင် ပါဝင်ခဲ့ကြောင်း ဆက်လက်သိရသည်။

ပူတာအိုခရိုင်တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ရင်း ဖမ်းဆီးခံရသော လူငယ်အချို့မှာ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သိရသည်။

Show More

Related Articles

Back to top button