လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ပန်ဆိုင်း မှာ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန်ပြီး ဒဏ်ရာပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်းမြို့မှာ ယနေ့ ညနေ ၅ နာရီခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ကချင်အမျိုးသမီး ၁ ဦး လက်နက်ကြီးကျည်စ ထိမှန် ဒဏ်ရာ ရှရှိခဲ့ကြောင်း သိရပါတယ်။

“၅ နာရီခွဲခန့်က ကိုးကန့် ၇ ယောက်ပဲ အရက်လည်း သောက်ထားကြတယ်။ မနောကွင်း နားကနေ စစ်ကောင်စီ တပ်ကို အနီးကပ် လာပစ်သွားတာ။ လာပစ်တော့ ဟိုကလည်း လက်နက်ကြီးနဲ့ ပြန်ပစ်တာ ရွာသစ်ဘက်က နေအိမ်တွေမှာ လာကျတယ်။” လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ကျည်ထိမှန်သူမှာ အသက် ၃၄ နှစ်အရွယ်ရှိ ဆရာမ နန်ဘောက် ဆိုသူ ဖြစ်ပြီး အိမ်အောက် မြေအောက်ခန်းမှာ ပုန်းနေရာကနေ အပြင် ခဏထွက်ရာမှ အိမ်အောက်နား လက်နက်ကြီး ကျရောက် ပေါက်ကွဲသွားတဲ့ လက်နက်ကြီးစ လာ ထိမှန်တာ လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ကြား တိုက်ပွဲကြောင့် အသက် ၆၂ နှစ်အရွယ် အမျိုးသမီးကြီး ၁ ဦးနဲ့ လူငယ် အမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦး လက်နက်ကျည် ထိမှန်သေဆုံးခဲ့ကာ နေအိမ်အချို့လည်း ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။

စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် ပန်ဆိုင်း (ကြူကုတ်) မြို့နယ်အတွင်း ဩဂုတ်လ ၄ ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ လက်နက်ကျည် ထိမှန်သေဆုံး သူ အမျိုးသမီး ၅ ဦး ရှိပြီ ဖြစ်ပြီး လက်နက်ကျည် ထိမှန် ဒဏ်ရာရသူ အမျိုးသမီး ၁ ဦး ရှိပြီ ဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button