သတင်း

မြန်မာ – တရုတ် နယ်စပ် နောင်ခမ်းဒေသခံများကို တရုတ်ဘက်က ခြိမ်းခြောက်စာ ပို့လာ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ နောင်ခမ်းကျေးရွာအနီး တရုတ်ဘက်က နယ်ကျွံစည်းရိုးခတ်မှုကို မြန်မာဒေသခံများ သွားရောက်ကန့်ကွက်ပြီးနောက် တရုတ်ဘက်ကလည်း မြန်မာဘက်ခြမ်းကို ခြိမ်းခြောက်စာပို့ထားသည်ဟု ဒေသခံများပြောသည်။

နယ်ခြားမိုင်တိုင် အမှတ် ၅၈ (ခေါ်) ကျောက်လူနှစ်ယောက်အမှတ်အသား တည်ရှိသောနေရာတွင် ရှမ်းဘာသာဖြင့် တရုတ်ဘက်က မြန်မာဘက်ကို ခြိမ်းခြောက်ရေးသားထားသောစာထဲတွင် နှစ်နိုင်ငံနယ်စပ် သဘောတူညီမှု မရသေးသရွှေ့ ဘာမှ စိုက်ပျိုးခြင်းမပြုရန်၊ စိုက်ပျိုးမှု ရှိပါက ခြံစည်းရိုး ချက်ချင်း ဝင်ခတ်မည်ဟု နောင်ခမ်းကျေးရွာသားများကို တရုတ်ဘက်က ခြိမ်းခြောက်စာပို့ခဲ့သည်။

အဆိုပါ ခြိမ်းခြောက်စာမှာ အောက်တိုဘာလ ၁၉ ရက်နေ့ ရက်စွဲဖြင့်ရေးသားထားခြင်းဖြစ်ကာ အောက်တိုဘာ ၃၀ ရက်နေ့မှ Wechat တွင် ပျံနှံလာခဲ့ကြောင်း ဒေသခံများ ပြောသည်။

“ကျွန်တော်တို့ ဒီလယ်ကွက်မှာ သွားစိုက်ရင် သူတို့ ဖျက်ဆီးမယ် လို့ရေးခဲ့တာ ဒီစာ။ ရှမ်းစာလေ။ သူတို့ရွာ ဥက္ကဌတွေပေါ့။ ဒီမြေမှာ ဘယ်သူမှ လာမလုပ်ရဘူးလို့ ရေးခဲ့တာ။ ကျွန်တော်တို့ လာလုပ်ခဲ့မယ်ဆိုရင် သူတို့ လာဖျက်ဆီးမယ် အဲလိုပြောခဲ့တာ။ သူတို့စာမှာတော့ တံဆိပ်တုံးလည်း မပါ ဘူး။” ဟု ဒေသခံ တစ်ဦးက ပြောသည်။

နောင်ခမ်းဒေသခံများ ပိုင်ဆိုင်သော နယ်စပ်က ခြံမြေများကို တရုတ်ဘက်က လူအင်အား၊ စစ်အင်အား၊ စက်အင်အားအများအပြားဖြင့် အောက်တိုဘာလ ၁၈ နေ့က နယ်မြေကျူးကျော်ပြီး ခြံစည်းရိုး ထပ်မံလာချိန် ဒေသခံများ ကန့်ကွက်ခဲ့သဖြင့် ပြဿနာဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများပြောသည်။

ယခုလို မြန်မာပိုင် နယ်နမိတ်ဘက်တွင် မည်သည့်စိုက်ပျိုးရေးလုပ်ငန်းမှ လုပ်ဆောင်ခြင်းမပြုရန် တရုတ်ဘက်က ခြိမ်းခြောက်စာပို့ထားသဖြင့် ဒေသခံများအနေဖြင့် စိုက်ပျိုးချိန်ရောက်လာသောကြောင့် စိုးရိမ်မှု ရှိနေကြောင်း ဆက်ပြောသည်။

“ကျွန်တော်တို့ ရွာကလည်း စိုက်ကို စိုက်ရမှာပဲ။ ကျွန်တော်တို့ လယ်မြေလေ။ တရုတ်ပြည်ဘက် လာကျူးကျော်တာ မဟုတ်ဘူး။ တရုတ်ပြည် ဟိုဘက်က နောင်ဆောက်ဘက်ကသာ ကျွန်တော်တို့ဘက် ကျူးကျော်ခဲ့တာ။ ၅၈ မှတ်တိုင်။ အရင်တခေါက်တုန်းက ဒီနေရာပဲ။ ၂ ခါ ရှိပြီပေါ့ ကျွန်တော်တို့ ပြဿနာ ဖြစ်ခဲ့တာ။ သုံးလေး မီတာလောက်တောင် ကျော်လာတယ်” လို့ လယ်ပိုင်ရှင် ၁ ဦးက ပြောပါတယ်။

နယ်မြေ ပြဿနာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ နောင်ဆောင်ရွာဘက်က သက်ဆိုင်ရာ ဌာနတွေကို အကြောင်းကြား တင်ပြပြီးပြီဖြစ်လို့ တရုတ်အစိုးရဘက်က မြန်မာအစိုးရကို ဆွေးနွေးဖြေရှင်းသွားမှာ ဖြစ်ကြောင်းလည်း စာထဲတွင်ပါရှိသည်ဟု သိရသည်။

ထို့အပြင် နယ်မြေကိစ္စသည် နိုင်ငံတော်အချုပ်အခြာ အာဏာနှင့် သက်ဆိုင်သောကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပြီး နယ်မြေကျူးကျော်ပြဿနာနှင့် ပတ်သက်လာလျှင် ဘယ်လိုမှ ရှောင်ရှားပေးနိုင်မည်မဟုတ်ကြောင်း၊ မြန်မာဘက်ပိုင်မြေကိုလည်း လုယူမှာ မဟုတ်သလို တရုတ်ပိုင် နယ်မြေဖြစ်ရင်လည်း ပြန်ယူရမှာဖြစ်ပြီး နည်းနည်းမှ ရှောင်ရှားနောက်ဆုတ်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

နှစ်နိုင်ငံအစိုးရ သဘောတူညီချက် မရသေးသ၍ အဆိုပါနေရာတွင် နောင်ခမ်းရွာသားများအနေဖြင့် မည်သည့်စိုက်ပျိုးရေးမှ မလုပ်ရ၊ တစုံတခု လာစိုက်ပျိုးခဲ့ရင် ဝင်ရောက် ဖျက်ဆီးသွားမည့်အပြင် ခြံစည်းရိုးပါ ချက်ချင်း ဝင်ခတ်သွားမှာ ဖြစ်ကြောင်း၊ နောက်‌နောင် နယ်မြေပြဿနာ ထပ်ပေါ်လာပါက နောင်ခမ်းရွာက တာဝန်ယူရမည်ဟု ခြိမ်းခြောက်စာတွင်ပါရှိသည်။

နမ့်ခမ်းမြို့နယ် နောင်ခမ်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့က ပထမအကြိမ် နယ်နမိတ်ပြဿနာဖြစ်ပွားခဲ့ပြီး တရုတ်ဘက်ခြမ်း နောင်ဆောင်ရွာမှ စိုင်းဆန်ယီဘအောင် ဆိုသူမှ ဦးဆောင်ပြီး ခြံစည်းရိုး စတင်ခတ်ခြင်းဖြစ်ကြောင်း မြန်မာဒေသခံများပြောသည်။

ယခုလို ခြိမ်းခြောက် ဖိအားပေးမှုနဲ့ပတ်သက်ပြီး နောင်ခမ်း ဒေသခံများ စိုက်ပျိုးပင်များ ဖျက်ဆီးခံရမှာ စိုးရိမ်နေပြီး သက်ဆိုင်ရာ မြန်မာအစိုးရမှ အတတ်နိုင်ဆုံး အမြန်ဆုံး ဖြေရှင်းပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။

Bum Shep

Show More

Related Articles

Back to top button