လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ကသာမြို့ ဖမ်းဆီးခံထားရသည့် ဈေးသည် ၁၃ ဦး ပြန်မလွှတ်သေးသည့်အပြင် မိသားစုများနှင့်တွေ့ခွင့် မရ

စစ်ကိုင်းတိုင်း၊ ကသာမြို့တွင်း စျေးသည် ၁၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်မှာ ရက်ပေါင်း ၃ ပတ် ကျော်လာပြီ ဖြစ်သော်လည်း ယနေ့ချိန်ထိ ပြန်လည်လွှတ်မြောက်လာခြင်းမရှိသည့်အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မရသေးကြောင်း သိရသည်။

“အရင်တစ်ခါ လွှတ်တဲ့ထဲလည်း ပါမလာဘူး ပြန်မလွှတ်သေးဘူး။ ကျနော်တို့ ကြားရသလောက်တော့ အားလုံးကို အမူဖွင့်ဖို့ စွဲချက်တင်ထားပြီ သိရတယ်” ဟု ဒေသခံတစ်ဦးက KNG ကို ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့ညနေပိုင်း ၅ နာရီဝန်းကျင်ခန့်က ကသာမြို့မှ ဈေးသည် (၁၃)ဦးအား အရေးကြီးမေးစရာရှိသည်ဟုဆိုကာ တစ်ပြိုက်နက်တည်း ဖမ်းဆီးသွားကာ အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးနေသည်ဟု သိရသည်။

“သူတို့ဖမ်းသွားပြီးနောက်ရက်‌‌ တနင်္လာနေ့အထိတော့ မိသားစုများနဲ့တွေ့ခွင့်ပေးသေးတယ်။ အဲနောက်တော့ မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးတော့ဘူး။ ခု ယမန်ယူပြီးရင်တော့ ထောင်ပို့တော့မယ်လို့ သိရတယ်။” ဟု နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသူများမှ စိန်လှိုင်ကိတ်ဆိုင်မှ ၁ဦး၊ ကိုအီးတိန် ရွှေဆိုင်မှ ၁ဦး၊ ဦးကိုကြီး အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှ ၁ဦး၊ ရန်း ဆေးဆိုင်မှ ၁ဦး၊ စိန်စမ်းမြင့် ငါးပွဲရုံမှ ၁ဦး၊ လှိုင်စာပေမှ ၁ဦး၊ လင်းယုန် စာပေမှ ၁ဦး၊ မြို့မမုန့်တိုက်ဘေး လယ်ယာပစ္စည်း အရောင်းဆိုင် ၁ ဦး၊ သာမန်ပြည်သူ ၄ဦး စုစုပေါင်း ၁၃ဦး တို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ ၎င်းတို့ကို စစ်ကောင်စီမှ ဖမ်းဆီးရခြင်းမှာ တိုင်ကြားသူများရှိသည့်အတွက် တိုင်းအဆင့်မှ စာထုတ်ပြီးဖမ်းခိုင်းခြင်း ဖြစ်သည်ဟု သိရသည်။ သို့သော် ယင်းကိစ္စအား KNG သတင်းဌာနမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကချင် စစ်ကိုင်း နယ်စပ်ဖြစ်သော ကသာခရိုင် တစ်ကြောတွင် ဒေသခံ PDF များသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ ဖြင့် ပူးတွဲကာ စစ်ကောင်စီကို တိုက်ခိုက်မှုများပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

Show More

Related Articles

Back to top button