တိုက်ပွဲသတင်း

ထီးချိုင့် တိုက်ပွဲ ၂ ရက်တွင်း စစ်ကောင်စီဘက်မှ အကျအဆုံးအလွန်များပြား

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်မှ စောင့်ကြိုတိုက်ခိုက်ရာ နှစ်ရက်အတွင်း စစ်ကောင်စီဘက်မှ အင်အား ၇၀ ဝန်းကျင်ခန့် ထိခိုက်ကျဆုံးကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

နိုဝင်ဘာလ ၁ ရက်နှင့် အောက်တိုဘာ ၃၁ ရက်နေ့များတွင် စစ်ကောင်စီကို ဒေသခံကာကွယ်ရေးတပ်များက ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းပေးပို့သူတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။

“ဖြစ်တာတော့ ဆက်တိုက်ဖြစ်နေတာပေါ့နော်။ သူတို့က ကသာ ကနေ ရွှေကူဘက်ကနေပြီး ထီးချိုင့်ဘက်တက်လာမယ့် လမ်းကြောတစ်လျှောက်လုံး တစ်လမ်းလုံး ၃၁ ရက်နေ့မနက် အစောကတည်းကနေ စဆွဲတာ ထိခိုက်မူကတော့ အဲနေ့က ၃၀လောက်ရှိမယ်။ အဲညက သူတို့ မရသိမ်မှာညအိပ်ခဲ့တယ်။ နောက်ရက် နိုဝင်ဘာလ ၁ ရက်နေ့ကျတော့ ကောလင်းဘက်ထွက်လာပြီး ခြေကျင်အဖွဲ့က မော်ကွန်းတောင်တက်တယ် ပထမခြေကျင်တက်တဲ့အဖွဲ့ကို ၆ လုံးတွဲမိုင်းနဲ့ ခွဲလိုက်တာ ၄၀ ဝန်းကျင် ကျတယ်” ဟု မြေပြင်သတင်းပေးပို့သူတစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏ တင့်ကားပုံစံ သံချပ်ကာ ကားတစ်စီးကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့ ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ရာ တင့်ကား ချောက်ထဲ ထိုးကျသွားကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိစစ်ကောင်စီတပ်၏ စစ်ကြောင်းများသည် ထီးချိုင့်မြို့နယ်အတွင်းသို့ ခြေကျင်တစ်လှည့် စစ်ကားများဖြင့် တစ်လှည့် အင်အားအလုံးအရင်း ဝင်ရောက်လာမူများရှိနေကာ ခန့်မှန်းခြေအင်အား ၅၀၀ ဝန်းကျင်ခန့်ရှိနိုင်ကြောင်းလည်း နီးစပ်သူများ၏ သတင်းပေးပို့ချက်အရသိရသည်။

ဒေသခံများ၏ပြောပြချက်အရ စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်များ အင်အားကောင်းသည်ဟု ယူဆသောနေရာများသို့ ထိုးစစ်များ ပိုမိုလုပ်ဆောင်လာသည့်အပြင် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများတွင်းရှိ နေအိမ်များတွင် တည်းခိုကာ ပြည်သူများ၏ တိရစ္ဆာန်များကိုလည်း သတ်ဖြတ်နေကြောင်း ဒေသခံများမှ သိရသည်။

လက်ရှိထွက်ပေါ်နေသည့်သတင်းများအရ စစ်ကောင်စီ တပ်မ ၇၇ နှင့် တပ်မ ၃၃ ကို ထီးချိုင့်နယ်ဘက်သို့ အင်အားထပ်မံဖြည့်တင်းရန်စီစဉ်နေသည်ဟု သတင်းများထွက်ပေါ်နေသည့်အပေါ် ဒေသခံကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။

“ထီးချိုင့်ဘက်ကို ပိုဖိလာမယ် တပ်မ ၇၇နှင့် တပ်မ ၃၃တို့ပေါင်းပြီးတော့ ပို့မယ်လို့တော့ ကျနော်တို့လည်း ကြားနေရတယ်။ ပြီးတော့ လေယာဉ်နဲ့ပါ ထိုးစစ်ဆင်လာမယ်ဆိုတာတွေကော ကြားနေရတယ်။ ဒါပေမယ့်ခုချိန်ထိတော့ လေယာဉ်နဲ့လာတာ ထီးချိုင့်ဘက်မရှိသေးဘူး။ စစ်တပ်သုံး ဒရုန်းတွေတော့ တစ်ခါတစ်လေ ပျံလာတာတွေရှိတယ်” ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

ထီးချိုင့်နယ်သည် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလုံးနီးပါးနုတ်ထွက်ထားသည့် မြို့နယ်တစ်ခုဖြစ်ပြီး စစ်ကောင်စီဘက်မှ ဒေသခံကာကွယ်ရေးတပ်သို့ အလင်းဝင်ရောက်လာသည့် ဦးရေ (၂၀)ကျော် ရှိပြီဖြစ်ကြောင်းလည်း HPDF ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်တွင် အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့်နောက်ပိုင်း နေ့စဉ်ဆိုသလို မြို့နယ်အနှံ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button