သတင်း

ပင်လည်ဘူးမြို့နယ်တွင် စစ်ကောင်စီ နှင့် Sagaing PDF တို့ တိုက်ပွဲပြင်းထန်၊ ၂ ရက်အတွင်း စစ်ကောင်စီဘက်မှ ၅၀ ဦးခန့် သေဆုံး

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် Sagaing PDF တို့ ယမန်နေ့တစ်ကြိမ်နှင့် ယနေ့နံနက်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ၅၀ဦးခန့် သေဆုံးကာ SPDF ဘက်မှလည်း ၅ ဦး ကျဆုံးကြောင်း မြေပြင်သတင်းပေးပို့ချက်အရ သိရသည်။

” မနေ့မနက်က ၇နာရီလောက်မှာ ကောလင်းနဲ့ ပင်လည်ဘူးနဲ့ ရွာလမ်းကနေ စစ်ကောင်စီဘက်က ပင်တုံးဘက်ကို ထိုးခဲ့တာ အဲမှာ စစ်ကြောင်းတစ်ကြောင်းချခဲ့တာ။ အဲခြေလျင်စစ်ကြောင်းကို သတင်းပေးရှိတယ်ထင်တယ် အဲဘက်မှာ ကျနော်တို့ဝပ်နေတဲ့အကြောင်းကို အဲမှာ သူတို့ဘက်က လက်နက်ကြီးနဲ့ အရင်ထုတာ ကျနော်တို့လည်း သူတို့တက်ခဲ့တယ်ဆိုတာ သတင်းရထားတယ်။ ကျနော်တို့ဘက်ကလည်း သူတို့ကိုစောင့်နေတာ အဲမှာအပြန်အလှန်ပစ်ကြတာ” ဟု မြေပြင်သတင်းပေးပို့သူများက ပြောသည်။

အဆိုပါ ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများသကဲ့သို့ SPDF မှလည်း တစ်ဦးကျဆုံးကြောင်း ၎င်းကဆက်ပြောသည်။

ထို့ပြင် ယနေ့ (နိုဝင်ဘာလ ၆ ရက်)တွင်လည်း စစ်ကောင်စီဘက်မှ PDF များ ဆုတ်သွားသည်ဟု ယူဆရသော မန်ကျည်းပင်ဘက် ထပ်မံပစ်ခတ်မူဖြစ်ပွားခဲ့သည့်အတွက် PDF ဘက်မှ ၄ဦး ထပ်မံကျဆုံးသွားကြောင်း သိရသည်။

“အဲမှာ မနေ့က စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့လှမ်းထုလို့ ကျနော်တို့ဘက်က တစ်ဦးကျတယ်။ ပြီးတော့ အဲတောဘက်မှာ ရွာသားတစ်ဦးလည်း လက်နက်ကြီးထိလို့ သေတယ်လို့သိရတယ်။ တောထဲကို ဘယ်လိုရောက်နေလဲတော့ မသိတော့ လက်နက်ကြီးထိလို့ ဆုံးသွားတယ်ကြားတယ်” ဟု နီးစပ်သူများက ပြောသည်။

စစ်ကောင်စီ နှင့် SPDF တိုက်ပွဲဖြစ်ပွားခဲ့သည့် ပင်တုံးရွာအနီးတစ်ဝိုက်ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ စစ်ကောင်စီတပ်သည် မလိမ့်တုံး၊ ပင်တုံးကျေးရွာဘက်သို့ ခြေလျင်တပ် စစ်ကြောင်း ဝင်ရောက်လာပြီးနောက်တွင် SPDF မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယနေ့နံနက်တွင်လည်း မန်ကျည်းပင်ကျေးရွာအနီးတွင် တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကာ ၂ရက်အတွင်း စစ်ကောင်စီဘက်မှ ၅၀ဦးထက်မနည်း ကျဆုံးကြောင်း ၎င်းက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများတွင် Sagaing PDF မှ ကျဆုံးသွားသည့် ရဲဘော်များမှာ စစ်ကိုင်း ၁ဦး ၊ရေဦးခင်ဦးက ၂၊ ရွှေဘိုမှ ၁ ဦး စုစုပေါင်း ၅ ဦးဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် လက်ရှိချိန် ပင်လည်ဘူးနယ်တစ်လျှောက် ဝန်းသိုဘက်မှ စစ်ကြောင်း၊ ဖောင်းပြင် စစ်ကြောင်း စသဖြင့် စစ်ကြောင်း ၄ ကြောင့်ဖြင့် ပင်လည်ဘူးတစ်ဝိုက်ကို ထိုးစစ်ဆင်နေသည့်အတွက် အခြားနယ်များတွင် စစ်မျက်နှာစာဖွင့်ပေးရန် SPDF မှ အကူညီတောင်းဆိုထားသည်။

Show More

Related Articles

Back to top button