တိုက်ပွဲသတင်း

မုံးကိုးဒေသ နေရာ ၃ ခုမှ တပ်ဆုတ်ခွာမည်ဟု MNDAA ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးဒေသတွင် တပ်စွဲထားသော နေရာ ၃ ခုမှ ဆုတ်ခွာတော့မည်ဟု MNDAA ဘက်က ယနေ့ (နိုဝင်ဘာလ ၁၀ ရက်နေ့) ကိုးကန့် သတင်းတွင် ဖော်ပြထားသည်။

မုံးကိုးဒေသ စစ်ရေးတင်းမာနေမှုကို လျော့ကျစေလို​သော ရည်ရွယ်ချက်ကြောင့် MNDAA ဗဟိုဌာနချုပ်မှ မုံးကိုး​ဒေသရှိ တပ်ခွဲ ၃ ခုကို ဆုတ်ခွာရန် အမိန့်ပေးခဲ့တဲ့အပြင် မုံးကိုး နှင့် ပန်ဆိုင်း တံတားကြားရှိ စနိုက်ပါတပ်သား ချုံခိုပွိုင့် ၂ နေရာကိုလည်း ဆုတ်ခွာရန်ညွန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကန့် MNDAA အနေဖြင့် ရောဂါကာကွယ်ရေး၊ ပြည်သူလူထုလူမှုစီးပွားအဆင်ပြေရေး၊ ငြိမ်းချမ်းစွာဆွေးနွေးငြိနှိုင်းရေး၊ နှစ်ဖက်သွေးထွက်သံယိုဖြစ်မှု လျော့ကျစေရေး၊ သမိုင်းပေးတာဝန်ကို သိတတ်ရေး၊ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပြီး နိုင်ငံတော်အားစစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ရောက်ရှိစေရန် စစ်တပ်ကို တိုက်တွန်းနှိုးဆော်လိုကြောင်းပါရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လကစတင်ပြီး မုံးကိုး ပန်ဆိုင် မြို့နယ်ခွဲတစ်လျှောက် စစ်ရေးပြင်းထန်စွာ လှုပ်ရှားလာသော MNDAA အနေဖြင့် ယခုလို ကြေညာချက်ထုတ်ပြန်သည့်အပေါ် တရုတ်နယ်စပ်အခြေစိုက်နေထိုင်သော အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ယခုလိုပြောသည်။

“ဒီ ကိုးကန့်တွေကို တရုတ်က ဖိအားပေးတာလည်း ဖြစ်နိုင်တယ်။ ဒီလို တိုက်ပွဲ ဆက်ဖြစ်နေရင်တော့ တရုတ်အတွက် အဆင် မပြေတာတွေရှိတယ်။ ပြီးတော့ တရုတ်တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာတွေ အဆုံးရှုံး မခံနိုင်တဲ့ အတွက် အတတ်နိုင်ဆုံး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ သူက ဖိအားပေးတာ ဖြစ်နိုင်တယ်။ ကိုးကန်းကို တရုတ်က ထောက်ပံ့မှု အများကြီး ရှိနိုင်တယ် လို့ ယူဆတယ်။” ဟု အမည် မဖော်လိုသူ နိုင်ငံရေး သုံးသပ်သူ တစ်ဦးက ပြောသည်။

“တရုတ်က သူ့စီးပွားရေးကြောင့် ဖိအားပေးလို့ တပ်ဆုတ်သွားတာ ဖြစ်နိုင်တယ်။ ခုက တရုတ် က အများကြီး လွှမ်းမိုးမှု ရှိနေတယ်။” ဟု သူက ဆက်ပြောသည်။

မုံးကိုး မြို့နယ်ခွဲ နှင့် ပန်ဆိုင်း(ကြူကုတ်)  မြို့နယ်ခွဲတွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား ပြီးခဲ့တဲ့ ဇူလိုင် လဆန်းကတည်းက တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးအများအပြားရှိခဲ့ကြောင်း ကိုးကန့်ဘက်က သတင်းထုတ်ပြန်ထားပြီး၊ ကိုးကန့်ဘက်ကလည်း ထိခိုက်သူအများအပြားရှိကြောင်း ဒေသခံများက ပြောသည်။

Bum Shep

Show More

Related Articles

Back to top button