တိုက်ပွဲသတင်း

MNDAA တပ်စခန်းဘက် စစ်‌ကောင်စီတပ်က ထပ်မံထိုးစစ်ဆင်လာပြီး တိုက်ပွဲလည်း ဆက်လက် ဖြစ်ပွား

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တာရွှေထန်အထိ စစ်ကောင်စီက အင်အားဖြည့်ကာ ထိုးစစ်ဆင်လာတဲ့အတွက် နိုဝင်ဘာ ၁၂ ရက်နေ့က လားရှိုးနဲ့ သိန္နီကြားမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။

လူအင်အား ၂၅၀ ခန့် ပါတဲ့ စစ်‌ကောင်စီ ကား ၁၂ စီးနဲ့ လက်နက်ခဲယမ်း တင်ဆောင်လာတဲ့ စစ်ကောင်စီကား ၆ စီး စုစုပေါင်း ၁၈ စီးခန့်ကို ယမန်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်က  လောက်ကိုင်အနီးက တာရွှေထန် သို့ ထိုးစစ်ဆင်လာခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။

မုံးကိုးဘက်တွင်လည်း စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှု ပုံမှန်ပြုလုပ်နေကြောင်း အမည် မဖော်လိုသူ မျက်မြင်ဒေသခံ တစ်ဦးက အခုလိုပြောပါတယ်။

“မုံးကိုးဘက်က စစ်ကောင်စီ တပ်မ ၉၉ က ၁၀၅ မိုင်ဘက် အစီး ၃၀ ခန့်ဆင်းလာပြီး တပ်မ ၇၇ က မုံးကိုးဘက် ပြန်တက်သွားတာ တွေ့တယ်။ ဆင်းလာတဲ့ ကားမှာ ဒဏ်ရာရသူတွေလည်း ပါတယ်။ အဲဒီ ဒဏ်ရာရသူ တွေထဲက ၄ ယောက်သေသွားတယ် လို့လည်း ကြားလိုက်တယ်။ သူတို့ အချင်းချင်း ပြောနေတာ။   လက်ပစ်ဗုံး သီးသန့် တင်တဲ့ ကားလည်း ဖောက်ခွဲခံလိုက်ရတယ် လို့ ဖုန်းလှမ်းပြောနေတာ။” လို့ ပြောပါတယ်။

လားရှိုးနဲ့ သိန္နီ ကြား ၁၄ မိုင် အနီးက တောင်တန်းမှာလည်း နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၂ နာရီခွဲ ခန့်က တိုက်ပွဲ ခေတ္တဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

မကြာသေးမီ မုံးကိုး၊ ပန်ဆိုင်းတို့ဘက်က ကိုးကန့် တပ်စခန်း ၃ နေရာနဲ့ စနိုက်ပါ ချုံခိုနေရာ ၂ နေရာတို့ကို ကိုးကန့် MNDAA ဘက်က တပ်ဆုတ်ဖို့ ကြေငြာခဲ့ပြီးနောက် ဖောင်းဆိုင် မန်းယန်ဘက်‌မှာတော့ စစ်ရေး အခြေအနေ ပိုမိုတင်းမာနေပြီး တိုက်ပွဲ ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

ဒါ့အပြင် မုံးကိုး နမ့်ဟာ၊ ကောင်းလုံ ရွာတွေမှာတော့ ရွာခံတွေကို တစ်ယောက်မှ နေထိုင်ခွင့် မပြုတော့ပဲ ရွာပြန်လာ‌သူတွေကို ရန်သူလို့ သတ်မှတ်မယ်လို့ စစ်ကောင်စီဘက်ကဆိုထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ရက်ပိုင်းအတွင်းကပဲ မုံးကိုးမြို့အနီး ပြောင်းဖူး ခြံသွားကြည့်တဲ့ အသက် ၃၀ ဝန်းကျင်ရှိ အရပ်သား ပြည်သူ အမျိုးသား တစ်ဦးလည်း ပစ်သတ်ခံထားရကြောင်း ဒေသခံတွေကတဆင့် သိရပါတယ်။

Bum Shep

Show More

Related Articles

Back to top button