Covid-19 Reportingသတင်း

စစ်ကောင်စီအောက် မြစ်ကြီးနား အထက်တန်းကျောင်းတွင် ကိုဗစ်ပိုးတွေ့သော်လည်း ကျောင်းဖွင့်ထားဆဲ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်နေသောကျောင်းသူတစ်ချို့ထံ ပြီးခဲ့သော ရက်ပိုင်းက ကိုဗစ်-၁၉ ပိုးကူးစက်မှုဖြစ်ခဲ့သော်လည်း စစ်ကောင်စီက ကျောင်းဆက်လက်ဖွင့်ထားဆဲ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်နေ့ မှစပြီး သတ္တမတန်းမှ ကျောင်းသူ ၂ ဦးထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိပြီးနောက် စစ်ကောင်စီမှ သတင်းမပေါက်ကြားအောင် လုပ်ဆောင်ကာ ဆက်လက် ကျောင်းဖွင့်ထားကြောင်း အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ကျောင်းသူ ၂  ဦးမှာ ကိုဗစ်ပိုးတွေ့ပြီး သူတို့အတန်းတွေတောင် ခွဲလိုက်တယ်ပြောတယ်။ သိရတာတော့ ကျောင်းသူ (၂) ဦးအတိအကျပဲ။ ဒါပေမဲ့ ကျောင်းမှာဆိုတော့ အရမ်းနီးကပ်စွာနေရတော့ ဒီနေ့ထိဆို ဘယ်နှယောက်တောင် ကူးနေပြီလဲမသိဘူး။ စစ်ကောင်စီက (၂၀) ရက်နေ့ကတည်းက ဖြစ်တာကို သတင်းမပျံ့အောင် ဖုံးဖိထားတယ်။” ဟု အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်ထားသော အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လက်ရှိကျောင်းသားအနည်းစု ကျောင်းတက်ရောက်နေဆဲဖြစ်သည်။

စစ်ကောင်စီမှ ယခုကဲ့သို့ ကျောင်းတွင်း ကိုဗစ်ကူးစက်မှုသတင်းအား မပျံ့နှံ့အောင်ပြုလုပ်ကာ ကျောင်းဆက်လက်ဖွင့်နိုင်ဖို့ကြိုးစားရင်း ၎င်းတို့အာဏာတည်မြဲအောင် ပြုလုပ်နေသည်ဟု အခြေခံပညာ ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦး က ယခုလို သုံးသပ်ပြောဆိုသည်။

“စစ်ကောင်စီက ကျောင်းမှာ ကိုဗစ်ဖြစ်ပေမဲ့ သတင်းမပျံ့အောင်ပြုလုပ်ပြီး ကျောင်းသားထုရဲ့ ကျန်းမာရေး လုံခြံမှုကို ဂရုမစိုက်ပဲ ကျောင်းသားထုရဲ့အသက်ကို ဂရုမစိုက်တာပဲ၊ ပြောရရင်တော့ ဒါက အင်မတန် ရုပ်ညံ့တယ်၊ မလုပ်သင့်ဘူး။ ကျောင်းသားတွေရဲ့ ကျန်းမာရေး လုံခြုံရေးအတွက် ကျောင်းအမြန်ဆုံးပိတ်သင့်တယ်။ အစကတည်းသူတို့က ကျောင်းသားတွေကို လူသားဒိုင်း လုပ်ချင်ပြီးသားပဲ။ အခုကျတော့ ကိုဗစ်ဖြစ်ပေမဲ့ သတင်းအမှောင်ချ ကျောင်းဆက်လက်ဖွင့်မယ်ဆိုတော့ သူတို့က နိုင်ငံရေးအတွက် ကျောင်းသားတွေကို အသုံးချနေတယ်လို့ပဲ မြင်တယ်။” ဟု မြစ်ကြီးနားမြို့နယ် အခြေခံပညာကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောသည်။

ထိုနည်းတူ မြစ်ကြီးနားမြို့ရှိ အခြားအခြေခံပညာကျောင်းများတွင်လည်း ကိုဗစ်ပိုး ကူးစက်မှုရှိနေကြောင်း ပြောဆိုမှုများရှိနေသည်။

ကချင်တစ်ပြည်လုံးအတိုင်းအတာတွင်လည်း မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ပုံမှန် ကူးစက်ပျံနှံနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button