လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝူယန်ကျေးရွာတွင် လီဆူပြည်သူ့စစ်အဖွဲ့က ငွေကြေးတောင်းခံနေ

ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာတွင် တပ်စွဲအခြေချလာသည့် လီဆူပြည်သူ့စစ်အဖွဲ့က ဖြတ်သန်းသွားလာသောပြည်သူများထံမှ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကားနဲ့ ဖြစ်တဲ့သူတိုင်းကို လိုက်တောင်းနေတယ်။ သူတို့က ဟင်းဖိုးဆိုပြီး ထည့်ခိုင်းတယ်။ ကြည့်ရသလောက်က သွားတာ လာတာ ကောက်တယ်”ဟု ဝိုင်းမော်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

လီဆူပြည်သူ့စစ်အဖွဲ့အနေဖြင့် ငွေကြေးတောင်းခံမှုကို ယခုပတ်အတွင်းမှ စတင်ကာ လုပ်ဆောင်လာခြင်းဖြစ်သည်ဟု သူကဆက်ဆိုသည်။

လက်ရှိငွေကြေးတောင်းခံနေသည့် လီဆူပြည်သူ့စစ်ဂိတ်မှာ ဝိုင်းမော်မြို့ ၅၈ တပ်ရင်း လက်အောက်ရှိသော စခန်းတစ်ခုဖြစ်ပြီး နိုဝင်ဘာလ လဆန်းပိုင်းအတွင်းမှ စတင်အခြေချနေထိုင်လာခြင်းဖြစ်သည်။

အဆိုပါ လီဆူပြည်သူ့စစ်ဂိတ်ကို နေရာချ ဆောက်လုပ်ပြီး ၄ရက်အတွင်း နိုဝင်ဘာလ ၄ရက်နေ့ နံနက်ပိုင်း ၃နာရီဝန်းကျင်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က လက်နက်ကြီးများဖြင့် ၁၅ ကြိမ်ထက်မနည်း သွားရောက်ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

ထိုလီဆူပြည်သူ့စစ်ဂိတ်ကို ဝူယန်ကျေးရွာအတွင်းရှိ နံနက်စျေးအထက် အုပ်ချုပ်ရေးရုံးဝင်းကပ်ယက်တွင် ဆောက်လုပ်ထားသောကြောင့် ဝူယန်ဒေသခံပြည်သူများလည်း ကန့်ကွက်နေကြပါသည်။

ထို့နောက် အဆိုပါ ပြည်သူ့စစ်အဖွဲ့မှာ စစ်ကောင်စီတပ်နှင့် ပူးပေါင်းကာ ကျေးရွာအတွင်း ညအချိန်တွင် ၎င်းတို့ မသင်္ကာသည့် သူများကိုလည်း လိုက်လံဖမ်းဆီးမှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများပြောဆိုချက်မှသိရသည်။

Show More

Related Articles

Back to top button