သတင်း

မြန်မာ – တရုတ် နယ်စပ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ပေါက် စတင်ဖွင့်လှစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖြစ်တဲ့ ကျင်စန်းကျော့နဲ့ ချင်းရွှေဟော် ဂိတ်တွေကို နိုဝင်ဘာလ ၂၆ ရက်နေက စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နယ်စပ် ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။

မူဆယ် ကျင်းစန်းကျော့ ဂိတ်ပေါက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၁၀ နာရီဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုတော့ တရုတ်စံတော်ချိန် ညနေ ၃ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကျင်းစန်းကျော့ဂိတ်မှာတော့ ကွန်တိန်နာ စနစ်နဲ့ မြန်မာဘက်က ၅ စီးထွက်ပြီး တရုတ်ဘက်က ၅ စီးနဲ့ ဆိုင်ကယ်ပစ္စည်းတွေဝင်ကာ စတင်မှာဖြစ်ကြောင်း ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

“မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကိုရာဘာ ၂ စီး၊ ဆန်ကွဲ ၂ စီး၊ သီဟိုဠ်စေ့ ၁ စီး စုစုပေါင်း ကွန်တိန်နာ ၅ စီး ပို့လိုက်ပြီး အဝင်၊ အထွက် ကွန်တိန်နာ ၅ လုံး စီ နဲ့ စတင်ပါပြီ။” လို့ မြန်မာဘက်ခြမ်းက ကုန်သည် ၁ ဦးက ပြောပါတယ်။

ကုန်သည်၊ ကုန်ဂိတ်၊ ယာဉ်ပိုင်ရှင်၊ယာဉ်မောင်း တွေအနေနဲ့ ကွန်တိန်နာ စနစ်နဲ့ ကုန်ကျစရိတ် ပိုများနေလို့ အဆင်မပြေကြောင်း၊ လက်ရှိ တရုတ်ဘက် ဝမ်တိန်ထဲ ပိတ်မိနေတဲ့ မြန်မာကုန်တင်ကားတွေ ထွက်ခွင့် မရသေးကြောင်း မြန်မာ တရုတ် ကုန်သည်၊ ကုန်ဂိတ်တွေက ပြောပါတယ်။

တစ်နေ့ကို ကွန်တိန်နာ ၅ လုံးသာ လဲလှယ်သည့် စနစ်နဲ့ တင်ပို့၊ တင်သွင်းခွင့်ရကာ အလှည့်ကျ စောင့်ရတဲ့အပြင် ကွင်းဝင်ကြေး ၂ သောင်းကျပ်၊ ပိုးသတ်ခ ၂ သောင်း၊ ရှန်တိန် (ခေါက်တို) ခ ကျပ် ၁ သောင်း၊ ဆေးစစ်ခ ၁ သောင်း စုစုပေါင်း ၆ သောင်းကျပ်၊ ကွန်တိန်နာ ငှားရမ်းခ တရက်ကို ယွမ် ၂၀၀၊ အတင်အချ ယွမ် ၂၀၀၊ ကျင်စမ်းကျော့ဂိတ်အထိ သယ်ယူစရိတ် ယွမ် ၃၈၀၀ စုစုပေါင်း ယွမ် ၄၂၀၀ ထပ်မံကုန်ကျရမှာ ဖြစ်ကြောင်း မြန်မာ ကုန်သည် ၁ ဦးက ပြောပါတယ်။

ချင်းရွှေဟော်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီးတရုတ်ဘက် ပထမဆုံး တင်ပို့တဲ့ကုမ္ပဏီ ဖြစ်တဲ့ လင်ချန်း ကျီစစ်တာ အီးကော်မာစ် ကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံဘက်က လက်ဖက်ခြောက်ကား ၂ စီး ယမန်နေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံဘက် စမ်းသပ် တင်ပို့ခဲ့ကာ ကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ အဆိုပါကုမ္ပဏီမှ ကုန်ကား ၂ စီးက မြန်မာဘက် ပြန်ဝင်မှာ ဖြစ်တယ် လို့ဆိုပါတယ်။

တရုတ်ဘက်က ကိုဗစ် အကြောင်းပြချက်နဲ့ ဇူလိုင်လ ၈ ရက်နေ့ ကစ ကျန်းမာရေး သုံး ပစ္စည်းက လွဲပြီး ကျန်ကုန်တွေကို ရက် အကန့်အသတ်မရှိပိတ်ခဲ့ကာ နိုဝင်ဘာ ၂၆ ရက်နေ့မှ ဂိတ်ပေါက် ၂ ခုကို နှစ်နိုင်ငံ တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

Show More

Related Articles

Back to top button