တိုက်ပွဲသတင်း

မုံးကိုးမြို့နယ်မှာ စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲမှာ စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရပါတယ်။

မုံးကိုးမြို့နယ်အတွင်းရှိ မန်ကျရန်ကျိဘက်မှာ နိုဝင်ဘာ ၃၀ ရက် နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က စစ်ကောင်စီ နဲ့ ကိုးကန့် MNDAA တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး၊ စစ်ကောင်စီဘက်က ကိုးကန့် MNDAA တပ်စခန်းရှိရာ မန်းယန်ရွာဘက်ကို စက်သေနတ်များနဲ့ တိုက်ခိုက်ခဲ့ပြီး ဖောင်းဆိုင် ဆုတောင်းတောင်ဘက်ကိုလည်း လက်နက်ကြီးကျည် ၃၀ ကျော် ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ကိုးကန့် ဘက်က သတင်း ထုတ်ပြန်ထားပါတယ်။

“စစ်ကောင်စီက MNDAA ကာကွယ်ရေးနယ်မြေကို လက်နက်ကြီးများနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အမျိုးသမီး ၁ ဦး ထိခိုက်သေဆုံးတာကလွဲလို့ MNDAA ဘက်က ထိခိုက်သေဆုံးမှုမရှိဘူး။ အမျိုးသမီးက နိုဝင်ဘာ ၂၀ ရက်နေ့က သေဆုံးသွားခဲ့တာပါ။ မုံးကိုးဘက်မှာ နိုဝင်ဘာ ၂၈ ရက်နေ့က MNDAA ဘက်က စစ်ကကောင်စီကို တိုက်ခဲ့တယ်။ သိန္နီဘက်က ဘယ်မှာမှ မတိုက်ဘူး” လို့ ကိုးကန့် သတင်းဌာနက တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။

မုံးကိုးမြို့နယ် မာကြာရွာမြောက်ဘက် ကားလမ်းမပေါ်မှာ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၉ နာရီ ခွဲခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး ဒဏ်ရာရရှိခဲ့ကာ MNDAA တပ်စခန်းရှိရာ ချင်ချိုင့်ထန်တောင်ဘက်မှာတော့ မနက် ၁၀ နာရီခွဲခန့်ကစ ညနေ ၂ နာရီခွဲခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်း တရက်ထဲ MNDAA တပ်စခန်းရှိရာ မန်းယန်ရွာနဲ့ ဆုတောင်းတောင်ဘက် စစ်ကောင်စီက စစ်သေနတ်များအပြင် လက်နက်ကြီးကျည် ၇၀ ကျော်ခန့် ပစ်ခတ်ခဲ့ပေမယ့် မြေပြင် ထိုးစစ်ဆင်တာတော့ မရှိခဲ့ဘူး လို့ဆိုပါတယ်။

နိုင်ဝင်ဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၉ ရက်နေ့အထိ ၎င်း ချင်ချိုင့်ထန်တောင်ဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ တိုက်ပွဲ ကြီးငယ် ၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကိုးကန့် သတင်းအရ သိရပါတယ်။

ဖောင်းဆိုင်ဒေသခံ ၁ ဦးက နိုဝင်ဘာ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားတာ မရှိပေမယ့် လက်နက်ကြီး ပစ်ခတ်တာတော့ ရှိကြောင်း “မနေ့နဲ့ ဒီနေ့တော့ တိုက်ပွဲမဖြစ်ဘူး။ အရင်နေ့တွေ ဖြစ်ကတည်းက။ လက်နက်ကြီး တော့ ခဏခဏ ပစ်တယ်” လို့ ပြောပါတယ်။

မုံးကိုးမြို့နယ်ခွဲဒေသတွင် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့အကြား နေ့တိုင်းနီးပါး တိုက်ပွဲနေတာ ၃ လကျော် ကြာလာပြီဖြစ်ရာ နိုဝင်ဘာလ လယ်ခန့်ကစ စစ်ကောင်စီ တပ်မ ၇၇ နဲ့ တပ်မ ၉၉ တို့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button