တိုက်ပွဲသတင်း

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နေရာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်စီးကာ မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နေရာကို ယနေ့ နံနက်အစောပိုင်းက စစ်ကောင်စီ အင်အားအလုံးအရင်းသုံးပြီး ဝင်စီးကာ စခန်းတဲများကို မီးရှို့ဖျက်ဆီးသွားကြောင်း သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ၁ ဦးက KNG ကို ပြောပါတယ်။

လမ်းကင်းစခန်း ၂ နေရာ ဝင်တိုက်ခံရတာကြောင့် ဖမ်းဆီးခံရသူရှိပြီး လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့်လည်း  PDF ဘက်က ဒဏ်ရာရသူရှိကြောင်း သိရပါတယ်။

“ဒီကနေ့ မနက် ၅ နာရီကျော်ခန့်မှာ သိန္နီ PDF ရဲ့ သင်တန်းလေ့ကျင့်ရေးကွင်းနေရာကို စစ်ကောင်စီ တပ်မ ထပ်မံဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သိန္နီ PDF ပြောက်ကျားအဖွဲ့ ၅ နဲ့ အပြန်လှန်ပစ်ခတ်ခဲ့တာ စစ်ကောင်စီဘက်က အင်အားများလို့ လက်နက်ချင်းမမျှတာကြောင့် ကျွန်တော်တို့ ပြောက်ကျားအဖွဲ့ က ပြန်လည်ဆုတ်ခွာခဲ့တယ်။ စစ်ကောင်စီဘက်က ၃ ယောက်ကျတယ်။ သိန္နီ PDF ဘက်က ၇ ယောက် ဒဏ်ရာရရှိခဲ့တယ်။” လို့ သူက ပြောပါတယ်။

စစ်ကောင်တပ်က သိန္နီ PDF သင်တန်းကွင်းနေရာရှိ သင်တန်းသုံးကိရိယာများ မီးရှိူ့ဖျက်ဆီးသွားခဲ့ကြောင်း “ပထမဆုံး ကင်းစခန်းကို ဝင်တိုက်တော့ နှစ်ယောက် ပါသွားတယ်။ တဲတွေကို မီးရှို့ဖျက်ဆီးခံလိုက်ရပြီး ရိက္ခာတစ်ချိူ့ နဲ့  အသုံးအဆောင်တွေ ပါသွား ပါတယ်။ အရင် ၄ ရက်ခန့် ကတည်းက သူတို့ အင်အား အလုံးရင်းဖြန့်နေတာပါ” လို့ သူက ဆက် ပြောပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီကျော်အချိန်ကလည်း သိန္နီ PDF ရဲ့ ကင်းစခန်းကို စစ်ကောင်စီတပ်က  အင်အား အလုံးအရင်းသုံးပြီး ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့လို့ ခုခံစစ်အတွင်း အင်အားမမျှတဲ့အပြင် သိန္နီ PDF ဘက်က တပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံလိုက်ရကာ ကျန်တပ်ဖွဲ့ဝင်တွေလည်း ဆုတ်ခွာခဲ့ရပြီး ကင်းစခန်းလည်း မီးရှို့ ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။

သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေနဲ့ စစ်ကောင်စီတပ်က အင်းအား အလုံးရင်း​​​​​ထိုးစစ်ဆင် တိုက်ခိုက်တာကို ရရာလက်နက်အင်အားနဲ့ ပြောက်ကျား စစ်ဆင်ရေး ထပ်မံ လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

Bum Shep

Photo Crd# သိန္နီ PDF

Show More

Related Articles

Back to top button