သတင်း

မြန်မာ့ကြက်သွန်နီ ကားအစီး ၅၀၀ စာခန့် တရုတ်ဘက်ပို့မရလို့ ဆုံးရှုံးမှုဖြစ်ပေါ်နေ

မြန်မာနိုင်ငံ အရှေ့မြောက် စီးပွားရေးဇုံ တစ်ခု ဖြစ်တဲ့ မူဆယ်ကုန်သွယ်ရေးဇုန် မြန်မာ-တရုတ် နယ်စပ်ဂိုဒေါင်တွေမှာ တရုတ်ဘက်ပို့မယ့် မြန်မာ့ကြက်သွန်နီ တင်ပို့ခွင့် မရလို့ ကျပ်သိန်း ၆ ထောင်ကျော်ခန့် ဆုံးရှုံးနေကြောင်း မြန်မာကုန်သည်လုပ်ငန်းရှင်‌တွေဆီက သိရပါတယ်။

“စုစုပေါင်း ရောက်လာတဲ့ တွဲကား အစီး ၁၀၀၀ ခန့်ရှိပြီး အစီး ၅၀၀ ခန့် ပြန်လှည့် ဆင်းသွားခဲ့ရတယ်။ ဝယ်ဈေး ၈၀၀ ကျပ်နှုန်း‌ ပေးရတဲ့ ကြက်သွန် အချိန် ၉၆၀၀ ပိဿာပါ ၁၂ ဘီးကား ၂၅၀ စီး၊ အချိန် ၂၁၀၀၀ ပိဿာပါ ၂၂ ဘီးကား ၂၅၀ စီးခန့် ဂိုဒေါင်တွေမှာ ချပြီးတော့ အချိန်မှီ မပို့နိုင်ပဲ ပိတ်မိနေလို့ အပင်တွေပေါက် ပြီး ပျက်စီးသွားတာ။” လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။

တရုတ်ဘက် ဝင်ခွင့်မရလို့ မကြာခဏ လှူဒါန်းပေး‌နေပေမယ့် အပင်ပေါက်သွားတာတွေရော ပုပ်ပျက်ပျက်စီး သွားတာတွေရော ကုန်လှောင်ရုံတွေထဲမှာ ပျက်စီးကုန်ကြောင်း “ဂိုဒေါင်မှာချပြီးတော့ ၁ အိတ်ချင်းရောင်းတာတွေရော လှူတာရော အများကြီးပေါ့နော်။ အဲဒါတွေကတော့ ခုလောလောဆယ် အဲကြက်သွန်နီတွေက ပုပ်တဲ့ဟာကပုပ်သွားတာပေါ့နော်။” လို့ သူက ဆက်ပြောပါတယ်။

ဆုံးရှုံးမှု များနေတာကြောင့် ဂိုဒေါင်တွေထဲကကုန်ပစ္စည်းအချို့ကို ကားငါးစီးစာ ‌ရွေးပြီး ချင်းရွှေဟော်ဘက်ကနေ တရုတ်ဘက် တင်ပို့ဖို့ ကြိုးစားခဲ့ပေမယ့် တင်ပို့ခွင့် မရပဲ ပြန်လှည့်လာရကာ ကားခသာ အလကား ကုန်သွားတယ်လို့ နောက်ထပ် ကုန်သည်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ကြက်သွန်နီများမှာ Organic ဖြစ်တာကြောင့် တရုတ်နိုင်ငံတွင် စားဖို့အတွက်တင်မဟုတ် တရုတ်မှတဆင့် ဗီယက်နမ်နိုင်ငံအထိပင် ပို့ကုန်အဖြစ် ထပ်ပို့ကြကြောင်း ကုန်သည်တွေဆီက သိရပါတယ်။

“တရုတ်က သူ့နိုင်ငံကနေ ဗီယက်နမ် လော်ကိုင်း ဆိုတဲ့မြို့ကို ပို့တယ်။ လော်ကိုင်းမြို့နဲ့ ဟိုချီမင်းမြို့ကို ကားနဲ့ ၄ နာရီ ဝန်းကျင်ပဲ သွားရတယ်။ အဲဒီကို ပြန်ပို့တာ။” လို့သူက ပြောပါတယ်။

“ကြက်သွန်နီတွေက မြန်မာပြည်ကနေ တရုတ်ပြည်ကို ပို့ဖို့အတွက်။ တရုတ်ပြည်ကတော့ ဒီ ကြက်သွန်နီကို သူတို့ စားတာ မဟုတ်ပါဘူး။ မြန်မာ့ ကြက်သွန်နီက Organic ဖြစ်တဲ့ အတွက်ကြောင့် တရုတ်က သူက သူ့နိုင်ငံကနေ ဖြတ်ပြီးတော့ ဗီယက်နမ်ကို ပြန်ပို့တယ်။ လော်ကိုင်း ဆိုတဲ့မြို့ကို ပို့တယ်။ အဲဒီ လော်ကိုင်းကနေပြီးတော့ ဟိုချီမင်းကို ၄ နာရီ လောက်ပဲ ကားမောင်းရတယ်။ အဲဒီကို ပြန်ပို့တာ။” လို့သူက ပြောပါတယ်။

တရုတ်နိုင်ငံဘက်က မြန်မာဘက်ကိုဆေးဝါးနဲ့ ကျန်းမာရေး ပစ္စည်းတွေ တင်သွင်းခွင့်ကလွဲလို့ ကိုဗစ် ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကျင်းစန်းကျော့ဂိတ်ကို ဇူလိုင်လ ၈ ရက်နေ့ကစ အကန့်အသတ်မရှိ ပိတ်ခဲ့ပြီး ချင်း‌ရွှေဟော်ဂိတ်ကို‌လည်း အောက်တိုဘာလ ၆ ရက်နေ့ကစ ပိတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် နိုဝင်ဘာလ ၂၆ ရက်နေ့မှာမှ အဲဒီ ဂိတ် ၂ ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် တင်ပို့၊ တင်သွင်းကုန်တွေကို ကန့်သတ်ထားတာဖြစ်ပါတယ်။

Bum Shep

Show More

Related Articles

Back to top button