တိုက်ပွဲသတင်း

ယုဇန ကုမ္ပဏီထွက်ခွာပြီးနောက် မြေယာ ဦးယူပိုင်ဆိုင်ထားမှုကို KIO ပြန်လည်သိမ်းယူမည်

ဟူးကောင့်ချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ယခင်က ယုဇနကုမ္ပဏီသိမ်းယူခဲ့သောမြေပေါ်တွင် KIO ၏ခွင့်ပြုချက်မရဘဲ ဦးယူပိုင်ဆိုင်ထားသည့် မြေယာများကို နှစ်ဆန်းပိုင်းမှစတင်ပြီး ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း KIO တာဝန်ရှိသူများက ဒေသခံများကို ပြောဆိုခဲ့သည်ဟု သိရသည်။

ပြီးခဲ့သော မေလက KIA ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ကျောထောက်နောက်ခံ ယုဇနယုမ္ပဏီသည် ဟူးကောင်းဒေသမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အဆိုပါနေရာတွင် ငွေကြေးအာဏာရှိသူများက မြေယာများ ဦးယူလုပ်ကိုင်ခြင်း၊ ပြန်လည်ရောင်းချခြင်းများ ရှိလာသောကြောင့် ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်က KIA တပ်ရင်း ၁၄ တာဝန်ရှိသူများမှ ဒေသခံများကို ခေါ်ယူကာ အသိပေးခဲ့ကြောင်း သိရသည်။

“ဒီမှာအခုဖြစ်နေတာက ယုဇနကုမ္ပဏီထွက်သွားတဲ့နောက်ပိုင်းဆို မြေယာတွေကို ပိုင်ရာပိုင်ကြောင်းနဲ့ပြောဆိုပြီး မြေဧကတွေ အများအပြား လာယူကြတယ်။ ငွေကြေးတတ်နိုင်တဲ့သူတွေနဲ့ အာဏာရှိတဲ့သူတွေဘဲ သိမ်းယူနေတဲ့ ပုံစံဖြစ်နေတယ်။ ဒါကို ဒေသခံတွေတစ်ချို့က ကန့်ကွက်ကြတယ်။ တကယ်လိုအပ်နေတဲ့ ဒေသခံတွေက မရကြဘူး။ ကျနော်တို့ ဒေသခံအချင်းချင်းကြား မြေယာပြဿနာတွေဖြေရှင်းဖို့ လိုအပ်လာတယ်။ ဒီပြသနာကိုဖြေရှင်းပေးဖို့  KIO ဘက်ကိုတိုင်ကြားလာတဲ့သူတွေလည်းရှိတယ်။ ဒါကြောင့် KIO က ဒီ မြေယာတွေကို ပြန်သိမ်းမယ်။ သေချာစီစစ်ပြီးမှဘဲ တကယ် ရသင့်ရထိုက်တဲ့သူတွေကို ပြန်ပေးဖို့ စီစဉ်နေတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ ဟူးကောင့်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုသည်။

KIO အနောက်ပိုင်းတိုင်း တပ်မဟာ ၂ မှ အဆိုပါ မြေယာများ ပြန်လည်သိမ်းယူသွားမည့် ကိစ္စနှင့်ပတ်သက်ပြီး ကျေးရွာဒေသအလိုက် တရားဝင်ပြန်လည် အကြောင်းကြားမည်ဟု သိရသည်။

မြေယာများ ပြန်လည်သိမ်းယူမှုတွင်ပါဝင်မည့် ဧရိယာထဲတွင် လီဒိုလမ်းပေါ်ရှိ ဒွမ်ဘုန်း၊ လဝါး၊ ဒွမ့်ဘန်၊ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ်၊ အောင်ရာ၊ စံပြကျေးရွာ၊ တိန်းကောက်၊ အောင်ရာ၊ ပန္နက် စသောကျေးရွာအားလုံးပါဝင်ကြောင်း သိရသည်။

KIO အနေဖြင့် မြေယာများသိမ်းမည်ဟု ပြောဆိုမှုတွင် ထောက်ခံကြောင်းနှင့် ဒေသခံပြည်သူများကြား တန်းတူအခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးရန် လိုအပ်နေသည်ဟု ဟူးကောင့်ဒေသ ဝါရာဇွပ်ကျေးရွာမှ ဒေသခံတစ်ဦးက ယခုလို တောင်းဆိုထားသည်။

“ယုဇနကုမ္ပဏီကို မောင်းထုတ်လိုက်တာမကြာသေးဘူး။ အာဏာရှိတဲ့သူတွေ၊ လက်နက်ကိုင်တွေ၊ ငွေကြေးတတ်နိုင်တဲ့ သူတွေကြီးဘဲ မြေကွက်တွေကို ပြန်ယူနေကြတယ်။ ယုဇနက ပြန်ရထားတဲ့ မြေနေရာတွေက ဦးပိုင်မြေ ပြန်ဖြစ်ကုန်ပြီ။ ဒေသခံတွေ ပြန်ရတာနည်းတယ်။ ကျနော်တို့လို ချင်တာက တကယ်လိုအပ်နေတဲ့ ဒေသပြည်သူတွေကို ရသင့်ရထိုက်သလောက် ခွဲဝေပေးချင်တယ်။ အခုကအဲ့လိုအမဟုတ်ဘူး။ လုပ်ငန်းရှင်တွေက မြေကွက်တွေဝယ်ပြီး ရွှေလုပ်ကြတယ်။ တစ်ချို့က ရွှေမလုပ်ပေမယ့် ကိုယ့်ကိုယ်ကျိုးစီးပွားရေးအတွက် သီးသန့်ဝယ်ယူထားကြတယ်။ ကျနော်တို့ လုပ်စားမယ့် မြေကွက်မှ မကျန်တော့ဘူး။ မြေယာတွေပြန်သိမ်းမယ်လိုတာကို ထောက်ခံပါတယ်။ ဒါတောင်ထိရောက်မှာ မသေချာသေးဘူး”ဟု ပြောဆိုသည်။

လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်ခန့်က ဟူးကောင့်ဒေသဖြစ်သော ဖားကန့်မြို့နယ်နှင့် တနိုင်းမြို့နယ်တွင် စစ်တပ်ကျောထောက်နောက်ခံ ယုဇနကုမ္ပဏီစတင်ဝင်ရောက်လာပြီး ဒေသခံများ၏ မြေဧက ၄ သိန်းကျော်ကို အဓမ္မသိမ်းယူခဲ့သည်။

၁၅ နှစ်ခန့်ကြာပြီးနောက် ယခုနှစ် စစ်တပ်အာဏာသိမ်းပြီး ဧပြီလတွင် ဘန်ကောက်ကျေးရွာရှိ ယုဇနကုမ္ပဏီကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ခဲ့ပြီး ဂိုဒေါင်များ၊ အုတ်တံတိုင်းများနှင့် စက်ယန္တရားကြီးများကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့နောက် မေလ ၁၉ ရက်နေ့တွင် KIA မှ ဒုတိယအကြိမ် ကုမ္ပဏီဝင်းအတွင်း ကျန်ရှိနေသေးသည့် ဂိုဒေါင်များကို ဘက်ဟိုးဖြင့် ထပ်မံဖျက်ဆီးခဲ့သည်။

ယုဇန ကုမ္ပဏီကို KIA က မောင်းထုတ်လိုက်ပြီးနောက် ယုဇနကုမ္ပဏီပိုင်ဆိုင်ခဲ့သည့် မြေယာများနှင့် ပစ္စည်းများကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO က သိမ်းပိုက်ထားပြီဖြစ်ကြောင်းနှင့် မည်သူမျှ မြေယာ ဦးယူပိုင်ဆိုင်ခြင်းများမပြုလုပ်ကြရန် ဇွန်လ ၁၀ရက်နေ့ ရက်စွဲဖြင့် KIO က ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော်လည်း လက်တွေ့မြေပြင်တွင် ဒေသခံအချို့၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် လက်နက်ကိုင်အဖွဲ့ဖြင့် နီးစပ်သူများက မြေယာများကို ဦးယူရယူခြင်းများပြုလုပ်နေသောကြောင့် အဆိုပါမြေယာများကို ပြန်လည်သိမ်းယူမည်ဟု KIA တပ်ရင်း ၁၄ မှ ဒေသခံများကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button