တိုက်ပွဲသတင်း

အင်းတော်ကြီးဒေသတွင် စစ်ကောင်စီယာဥ်တန်းကို KIA နှင့် PDF တို့ မိုင်းခွဲတိုက်ခိုက်

ကချင်ပြည်နယ် အင်းတော်ကြီးဒေသ မိုင်းနောင်နှင့် မမုန်ကိုင်ကျေးရွာ ၂ခုကြားတွင် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF တို့ပူးပေါင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် ၇နာရီဝန်းကျင်ခန့်တွင် စစ်ကိုင်းတိုင်းဘက်မှ စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ကား ၅စီးဖြင့် စစ်အင်အား ၁၀၀ ကျော်ဝန်းကျင်ခန့်ဖြင့် ဖားကန့်ဘက်သို့ ဦးတည်ကာ တက်လာခဲ့ရာ မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မိုင်းနောင်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။
“တိုက်ဖြစ်တာက ခဏလောက်ဘဲ။ စစ်ကိုင်းဘက်ကနေ လာတဲ့ စစ်ကားယာဉ်တန်းကို KIA နဲ့ PDF တို့ ကြားဖြတ်ဝင်တိုက်တယ်လို့ဘဲကြားတယ်။ ထိခိုက်မှုတွေက အသေးစိတ်မသိရဘူး”ဟု ပြောဆိုသည်။
မိုင်းခွဲ တိုက်ခိုက်ခံရသည့် စစ်ကောင်စီယာဥ်တန်းမှာ လက်ရှိတွင် လုံးတုံးကျေးရွာ စစ်တပ်စခန်းတွင်ရောက်ရှိနေကြောင်းနှင့် ဖားကန့်မြို့တွင် အခြေစိုက်ထားသည့် တပ်မ (၃၃) လက်အောက်ရှိ စစ်ကောင်စီတပ်သားများဖြစ်ကြောင်းသိရသည်။
စစ်ကောင်စီယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း အင်းတော်ကြီး ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ကလည်း ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
အင်းတော်ကြီးဒေသတွင် စစ်ရေးလှုပ်ရှားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို KIA နှင့် PDF အဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်မှုများပုံမှန်ပြုလုပ်နေပြီး မကြာခဏတိုက်ပွဲဖြစ်ပွားလျက်ရှိပါသည်။
Show More

Related Articles

Back to top button