တိုက်ပွဲသတင်း

မိုးကောင်း ဆားမှော်ကျေးရွာအနီး စစ်ကောင်စီ တပ်စခန်း ၂ ခုကို KIA တိုက်ခိုက်ဖျက်စီးခဲ့

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာဖြင့် ၂ မိုင်ခန့်ဝေးသော ကညှင်မြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ တပ်စခန်း ၂ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ယနေ့ နံနက်ပိုင်းက တိုက်ခိုက်ဖျက်စီးနိုင်ခဲ့ကြောင်း KIO ဘက်အတည်ပြု ပြောဆိုသည်။

“KIA ဘက်က စစ်ကောင်စီ တပ်စခန်း ၂ခုကို သွား​ရောက်တိုက်ခိုက်သိမ်းပိုက်တာမှန်ပါတယ်။ ကျနော်တို့ဘက်ကတော့ တပ်စခန်းတွေ မီးရိူ့ဖျက်ဆီးပြီးမှ ပြန်နောက်ဆုတ်ခဲ့တယ်လို့ ကြားတယ်။ အသေအပျောက်စာရင်းက မသိရသေးဘူး” ဟု KIO ဗဟိုဌာနချုပ် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက KNG ကို ပြောဆိုထားသည်။

ယနေ့ နံနက် ၃နာရီဝန်းကျင်တွင် KIA တပ်မဟာ ၉ လက်အောက် တပ်ရင်း ၄၄ အဖွဲ့က စစ်ကောင်စီတပ်၏ ခမရ ၃၈၃ နှင့် ခမရ ၃၈၄ တပ်စခန်း ၂ခုကို သိမ်းပိုက်နိုင်ခဲ့ကာ မီးရိူ့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ထို့နောက် နံနက်ပိုင်း ၅နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ၅ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“​ကညှင်မြိုင်မှာ တပ်စွဲထားတဲ့ တပ်စခန်း ၂ခုကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ စခန်း ၂ခုစလုံးကို မီးရိူ့ဖျက်စီးခဲ့တယ်။ စစ်ကောင်စီကနေ ဗုံးကြဲတိုက်ခိုက်လာတဲ့အတွက် ပြန်နောက်ဆုတ်သွားခဲ့တယ်”ဟု KIA ရှေ့တန်း ရင်းမြစ်တစ်ဦးက ပြောဆိုသည်။

ထို့အပြင် ဆားမှော်တွင် တပ်စွဲထားသည့် စစ်​ကောင်စီ စစ်တပ်စခန်းမှလည်း လက်နက်ကြီးများဖြင့် KIA ရှိရာဘက်သို့ ပစ်ခတ်ခဲ့ပြီး ၂ဖက်တပ် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

KIA နှင့် PDF တို့အနေဖြင့် စစ်ကောင်စီတပ်၏ တပ်စခန်း ၂ခု မီးရိူ့ဖျက်ဆီးခဲ့သည့်အပြင် လက်နက်ပစ္စည်းအများအပြားလည်း သိမ်းယူနိုင်ခဲ့ကြောင်း ဆက်လက်သိရသည်။

ယနေ့ နံနက် စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး ထိခိုက်ကျဆုံးမှုများကို  ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

KIA တပ်မဟာ ၉ ဖြစ်သော တပ်ရင်း ၆ နယ်မြေ ဖားကန့် ဝှေ့ခါမှော် ဂျန့်ဂါကုန်း အနီးတဝိုက်တွင်လည်း ယမန်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်ခန့်က စစ်ကောင်စီနဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

Show More

Related Articles

Back to top button