တိုက်ပွဲသတင်း

ငွေကြေးကောက်ခံနေသော စံပြ ပြည်သူ့စစ်အဖွဲ့ကို KIA တိုက်ခိုက်ပြီး ကား ၁ စီး နှင့် လက်နက်များသိမ်းယူ

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ် ရှဒူးဇွပ်ကျေးရွာအနီး စံပြကျေးရွာ၏ အနောက်ဘက်ခြမ်း လမ်း ၄ ဆုံနေရာတွင် ယနေ့နံနက် ၁၁ နာရီဝန်းကျင်ခန့်က စစ်ကောင်စီအောက် ပြည်သူ့စစ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်အဖွဲ့သည်  KIA အဖွဲ့ရှိရာ လောဒ်ဂျာမှော်ဘက်အထိ စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသည်သာမက ပြည်သူများထံမှ ငွေကြေးကောက်ခံမှုများပြုလုပ်နေသဖြင့် KIA တပ်ရင်း  (၁၄)အဖွဲ့မှ သွားရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“ကျနော်တို့မှာ စံပြကျေးရွာရဲ့ အနောက်ဘက်ခြမ်းမှာ လမ်း ၄ ဆုံဆိုတာရှိတယ်။ အဲ့ဒီလမ်း ၄ရဲ့ ပတ်လည်မှာ ဆိုင်ဖွင့်ပြီး နေကြတဲ့ ပြည်သူတစ်ချို့ရှိတယ်။ ပြည်သူ့စစ်အဖွဲ့က သူတို့ဆီက ငွေတွေလိုက်လံတောင်းတယ်လို့ သိရတယ်။ ပြီးရင် KIA က အနီးမှာဘဲရှိတယ်။ KIA ရှိတာကို နယ်မြေကျူးကျော်ချင်လာတဲ့သဘောဖြစ်တယ်။ အဲ့ကြောင့် KIA က သတိပေးလိုက်တဲ့သဘောဖြစ်တယ်”ဟု ပြောဆိုသည်။

ပစ်ခတ်မှုတွင် ပြည်သူ့စစ်အဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းနှင့် KIA ဘက်မှ ပြည်သူ့စစ်အဖွဲ့၏ 4W ကားတစ်စီးနှင့် လက်နက်အချို့ သိမ်းယူသွားကြောင်း သိရသည်။

ထိုနောက် ယနေ့ ပတ်ခတ်မှုဖြစ်ပွားနေချိန်တွင် စံပြကျေးရွာတွင် အခြေစိုက်ထားသည့် ပြည်သူ့စစ်တပ်စခန်းနှင့် ရှဒူးဇွပ်ကျေးရွာတွင် အခြေစိုက်ထားသော ခလရ (၂၉၈)တပ်ရင်းမှ KIA ရှိသည့်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယနေ့ ညနေပိုင်းတွင်မူ စစ်ကောင်စီ ကား ၂ စီးဖြင့် စံပြပြည်သူ့စစ်စခန်းသို့ စစ်အင်အား တိုးချဲ့ထားကြောင်း ဒေသခံများထံမှ သိရသည်။

Show More

Related Articles

Back to top button